Labels

အလံ

တိုင်းပြည်တခုမှာ အခြေခံ မရှိမဖြစ် လိုအပ်တာက အုပ်ချုပ်သူ အစိုးရနဲ့ ပြည်သူလူထု။ နောက် တိုင်းပြည်တခု ဖြစ်သည်ဖို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အရာ။ တနည်းအားဖြင့် အလံ (နိုင်ငံတော် အလံ)။ ဒီတော့ တိုင်းပြည်တိုင်းက ကိုယ့်တိုင်းပြည်ရဲ့ အလံကို အဓိပ္ပါယ် ပြည့်စုံစွာနဲ့ ဖန်တီးခဲ့ကြသည်။ ကျနော်တို့ တိုင်းပြည်လဲ ခုဆို အလံဆိုတဲ့ အရာတခုကို ဖန်တီးလိုက်ပြန်လေပြီ။ တကယ်တမ်း ကျနော်တို့ပြည်သူတွေ လိုအပ်နေတာက မယောင်ရာ ဆီလူးတဲ့ အလုပ်တွေ မဟုတ်။ ကျနော်တို့ ပြည်သူတွေ လိုလားနေတာက တကယ့်ကို တရားမျှတပြီး ပြည်သူတွေ အပေါ်မျှတစွာ အုပ်ချုပ်မဲ့ အစိုးရ တရပ်သာဖြစ်သည်။

ယခု နိုင်ငံအလံအသစ်ကို ကြည့်လိုက်လျှင် ကျနော်တဦးထဲ အမြင်အနေနဲ့ဆိုလျှင် သဘောမကျပါ။ ရင်ထဲက လာတဲ့ ဆန္ဒအရဆိုလျှင် မွေးဖွားခဲ့ကတည်းက ရင်းနှီးခဲ့ရသော ယခင် မဆလခေတ်က အသုံးပြုခဲ့သည် နိုင်ငံအလံကို ကျနော် ပိုမြတ်နိုးသည်။ ပိုအလေးထားပါသည်။ ကျနော်အတွက် ပိုပြီး အဓိပ္ပါယ် ပြည့်စုံသည်ဟု ကျနော် ခံစားရသည်။ အလံတော်သစ် အခမ်းအနားကို မြန်မာရုပ်သံတွေက ပြလိုက်မှ ကျနော်တို့ ပြည်သူတွေ သိရသည်။ သတင်းနှင့် စာနယ်ဇင်း လွတ်လပ်ခွင့်တွေက လုံးဝမရှိ သိသာသည်။ ပြည်သူအများက မနှစ်သက်လဲ လုပ်ပိုင်ခွင့် ရှိတိုင်းသာ လုပ်ချင်ရာကို ဇွတ်ထိုး လုပ်နေကြသည်။ ဘာနဲ့ တူလဲဆိုတာ စဉ်းစားတတ်သူတိုင်း သိနိုင်ပေသည်။



အောက်ခံ အနီရောင်သည် ရဲရင့်ပြတ်သားခြင်းကို ကိုယ်စားပြုသည်။ အပြာရောင်သည် ငြိမ်းချမ်းတည်ကြည်ခြင်းကို ကိုယ်စားပြုသည်။ အဖြူရောင်သည် သန့်ရှင်း စင်ကြယ်ခြင်းကို ကိုယ်စားပြုသည်။ ကြယ်ဖြူ ၁၄ လုံးသည် ကျနော်တို့ တိုင်းပြည်မှာ ရှိတဲ့ တိုင်းနှင့် ပြည်နယ် ၁၄ ခုကို ကိုယ်စားပြုသည်။ စပါးနှံ နှင့် စက်သွားသည် တိုင်းပြည်အတွက် မရှိမဖြစ် လိုအပ်သည့် တောင်သူလယ်သမားများ နှင့် အလုပ်သမားများကို ကိုယ်စားပြုသည်။ဒါသည် ကျနော်တို့ ငယ်စဉ်က သင်ကြားခဲ့ဖူးသည့် နိုင်ငံတော် အလံအဓိပ္ပါယ်။ မဆလ အစိုးရ ကောင်း၏ မကောင်း၏က တပိုင်း။ အလံတော်ကတော့ အဓိပ္ပါယ် အပေါင်းနှင့် ပြည့်စုံပေသည်ဟု ကျနော် အမြင်အရ ခံစားရသည်။


ရှမ်းပြည်နယ် အလံတော်


လက်ရှိ အုပ်ချုပ်သူတို့ ပြောင်းလိုက်သော အလံတော်က ကျနော်တို့ ရှမ်းပြည်နယ်၏ အမျိုးသားအလံတော်နှင့် ချွတ်စွပ်ကို တူနေသည်။ အလယ်တွင် တည်ရှိသော စက်ဝိုင်းနှင့် ကြယ်ဖြူသင်္ကေတသာ ကွာခြားသည်။ ကျနော် အာရုံထဲ တခု ခံစားနေရသည်။ နောင်တချိန် ကျနော်တို့ ရှမ်းပြည်အလံကို နိုင်ငံတော် အလံနှင့် တူလို့ ပြောင်းခိုင်းဦးမလားဆိုသည်ကို........


လက်ရှိ နိုင်ငံတော် အလံအသစ်


ယတြာတွေ အလွန်ယုံကြည်တတ်သော ကျနော်တို့ မြန်မာလူမျိုးတွေ အတွက် အရာရာသည် ယတြာချေမှ၊ ဒါလုပ်မှ ဒါဖြစ်မှာဆိုသည်က များလှပေသည်။ တကယ်တမ်းကျနော်တို့ လိုအပ်နေသည်က ယခုကဲ့သို့ အခြေအမြစ်မရှိသော အရာများမဟုတ်ပါ။ ကျနော်တို့ လိုအပ်နေသည်က တရားမျှတပြီး တိုင်းပြည်အပေါ် တကယ့်ကို ချစ်ပြီး ပြည်သူတွေအကျိုးကို မျှော်ကြည့်ပြီး ဦးစီးလုပ်ဆောင်မဲ့ တိုင်းပြည်ခေါင်းဆောင်တယောက်သာ....


လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့် ရှိပါသည်။



လေးစားလျက်
တောင်ပေါ်သား

2 comments:

မိုင်တိုင် ၂၆

လူဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်တော့ ဘာလိုလိုနဲ့ ၂၆ နှစ်ဆိုတဲ့ အရွယ်အပိုင်းအချာထဲကို ရောက်လာခဲ့ပြန်ပြီ။ တနှစ် တနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မတိုးတက်လာသေးတဲ့ လူတယောက်အဖို့ ခဏလေးလို့ စိတ်ထဲကနေ တွေးနေမိပြန်တယ်။ လက်ရှိ အခြေအနေကို သေချာ ပြန်သုံးသပ်လိုက်တော့ အရင် တနှစ်နဲ့ ဘာဆို ဘာမှ ထူးခြားလာခဲ့တာ မရှိ။ အရာအားလုံးဟာ မနှစ်ကအတိုင်းလေးပဲ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုတွေကသာ များနေခဲ့တယ်။

တခါတလေ လမ်းစပျောက်နေတဲ့ သားကောင်လိုမျိုး စိတ်အလိုက အသားမကျတတ်ပြန်ဘူး။ တကိုယ်ထဲ ဖြတ်သန်းခဲ့တဲ့ နှစ်တွေထဲမှာ ဒီနှစ်ကတော့ မှတ်မှတ်ရရလေးတွေ ကျန်နေခဲ့ဦးမယ်ထင်ပါရဲ့.... ဒီနှစ်ထဲမှာ စာမေးပွဲ တခု ဖြေဖြစ်ခဲ့တယ်။ ဒါက အကျိုးအမြတ်တခု၊ ဒီနှစ်ထဲမှာ အလုပ်က ထင်သလောက် အဆင်မပြေခဲ့ဘူး။ ဒါက ဆုတ်ယုတ်မှု တခု။ ခုထက်ထိလဲ အဆင်မပြေတာတွေကော အဆင်ပြေတာတွေကော အစုံပါပဲ။

ခုဆို အဝေးကနေပဲ လွမ်းပြီး ကြည့်ရဦးမဲ့ တန်ဆောင်တိုင် ပွဲတော် လာတော့မယ်။ ကျနော့် မြို့လေးမှာလဲ ဒီအချိန်ဆို ကလေး၊လူကြီး အားလုံး လိုလို ပျော်ရွှင်နေမဲ့ အချိန်လေးပေါ့။ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လွှတ်တင်ဖို့ မီးပုံးပျံလေးတွေ သူတို့တွေ စုပေါင်းအားနဲ့ အားကြိုးမာန်တက် လုပ်နေကြလောက်ပြီ။ တခါတလေ မပြောပြတတ်အောင် လွမ်းတယ်။ စိတ်ကူးထဲမှာ ကျနော့်မြို့လေးကို မြင်ယောင် တွေးကြည့်နေမိတတ်တယ်။ ခုတလော Social Site တခု ဖြစ်တဲ့ Facebook ကျေးဇူးကြောင့် တောင်ကြီးသား ညီအကိုတွေ တင်ထားတဲ့ မီးပုံးပျံလုပ်နေတဲ့ ပုံတွေ၊ တောင်ကြီးမြို့လေးရဲ့ ရူခင်းဓါတ်ပုံလေးတွေကို မြင်ရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်မိပြန်တယ်။

မိသားစုကိုလည်း လွမ်းတယ်။ အမေ့ကို သတိရတယ်။ သတိရတဲ့ အထဲမှာ အမေ့နဲ့ အဒေါ်ချက်တဲ့ ဟင်းအမယ်စုံတွေကိုလဲ သတိရတယ်။ ညီ၊ ညီမလေးတွေကိုလဲ သတိရတယ်... မွေးစလေးကတည်းက ဝေးခဲ့တဲ့ အမွှာ တူနှစ်ကောင်ကိုလဲ ပြန်မြင်ဖူးချင်တယ်။ သူတို့ဆို ကျနော့်ကို ဘယ်မှတ်မိပါ့မလဲ။ ဖုန်းဆက်လိုက်ပြီဆို ဦးလေး ဦးလေးနဲ့ ခေါ်နေပုံက ကျနော့်အသက်က ကြီးလာနေကြောင်း မီးမောင်း ထိုးပြနေသလိုလို.... အသက်တွေ အဖြည်းဖြည်းကြီးလာတဲ့ အမေ့ကို ဘာမှ မယ်မယ်ရရ ထောက်ပံ့မှုတွေ မပေးနိုင်သေးဘူး...... အမေ့တိုက်ကျွေးခဲ့တဲ့ နို့ဖိုးမဆပ်နိုင်သေး.. ဘယ်တော့မှလဲ အကျေ ဆပ်နိုင်လိမ့်မည်မဟုတ်... မိဘမေတ္တာသည် ဘယ်တော့မှ ဆပ်ကုန်နိုင်မည်မဟုတ်.....

စင်ကာပူ ဆိုတဲ့ အတိုင်း ဆင့်ကာပူနေရတဲ့ ဒီနိုင်ငံလေးမှာ တခါတလေတော့လဲ အဝေးကို ထွက်ပြေးချင်သား....... အလုပ်ပြောင်းနေတာ ကုမ္ပဏီ ၅ ခု ရှိပြီ။ အလုပ်က ကြိုက်ပေမဲ့ အစိုးရက Work Permit မချပေးတော့ လက်ရှိအလုပ်လေးမှာပဲ ကပ်နေရပြန်တယ်။ ခုနောက်ပိုင်း စင်ကာပူမှာ အလုပ်တခုရဖို့ အတော်ကို ကြိုးစားနေရသည်။ သူငယ်ချင်းတချို့ အဆင်မပြေ ပြန်သွားကြသည်။ မရှိရှိတာလေး အကုန်ခံပြီး အလည်လာ အလုပ်ရှာကြသူများ ခုတလော မလာတာပိုကောင်းမည်။ ကျနော့် အမြင်ကတော့ လက်ရှိ အခြေအနေအရ မလာစေချင်ကြသေးပါ။

ကြားထဲမှာ စာတွေ ရေးချင်စိတ်မရှိလောက်အောင်ကို ဖြစ်နေတာ.. ဒါပေမဲ့ Blog ဆိုတာကိုတော့ မေ့ထားလို့ မရခဲ့ပါဘူး ကျနော် ချစ်တဲ့ အကိုမောင်နှမတွေရဲ့ စာတွေကို သူတို့မသိပဲ Google Reader လေးထဲကနေ နေ့စဉ် ဖတ်နေရပါတယ်။ ဒီလိုနဲ့ ကျနော့်ရဲ့ Site လေးလဲ လူသူမရှိ ဖုန်ထူနေပြီပေါ့။ ကျနော့် Site လေးကို လာပြီး မေးမြန်းတဲ့ လာရောက်လည်သွားတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူး အထူးတင်ပါတယ်။ အခက်အခဲတွေ ရှိတိုင်း တကယ့် မောင်နှမတွေလို ကူညီကြတဲ့ လူတွေကိုလဲ ကျနော် ကျေးဇူးတကယ် တင်မိပါတယ်။

ယခု အသက် ၂၆ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် တယောက်ထဲ ယခုလို နေရဦးမည်မသိ။ နေခဲ့သည် ဘဝတလျှောက်မှာတော့ အကောင်းလို့ ထင်တာတွေကို လုပ်ခဲ့သည်။ မကောင်းတာတွေလဲ ပါချင်ပါခဲ့မည်။ ကျနော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည့် လူများ၊ စိတ်ဆင်းရဲခဲ့ရသည့် လူများကိုလဲ ကျနော်တောင်းပန်ချင်ပါသည်။ အားလုံးသော ညီအကို မောင်နှမတွေ လိုအပ်ချင်များစွာ ပြည့်စုံပါစေလို့ ကျနော်ဆုတောင်းပေးပါသည်။

တကယ်တော့ ကျနော်တို့အားလုံးသည် ရေကြည်ရာ၊ မြက်နုရာ ရှာဖွေနေကြသော ခေတ္တအသိုက်ပြောင်းလာကြသည့် ငှက်ကလေးတွေသာ.... ရာသီဥတု ဆိုးရွား၍ပဲ ဖြစ်ဖြစ်၊ စားစရာ အဟာရတွေ ကုန်ခမ်းလာ၍ပဲ ဖြစ်ဖြစ် ကျနော်တို့ ဌာနေကို စွန့်ခွာ၍ သူတပါးတွေ နေသည့် အရပ်တခုမှ ခေတ္တခဏ မှီခိုနေသည့် ဆောင်းခိုငှက်လေးတွေ ပမာသာ.... အချိန်တန်လို့ နွေဦးရောက်ပြီးဆိုလျှင်တော့ ကျနော်တို့ ကွန်းခိုရာ သာယာလှပတဲ့ ဌာနေကို အားလုံးပြန်ကြမည်သာ ဖြစ်သည်ဟု ကျနော်ကတော့ ခံယူသည်။ ဒီလို သာယာလှပတဲ့ ကျေးငှက်သံတွေ တွန်ကျူးနေတဲ့ အရပ်လေးကို ကျနော်တို့ မျှော်ကြည့်ရင်း.........

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား

6 comments:

လူပီသမှု

ဒီကမ္ဘာမြေလောကမှာ ဘယ်အရာဟာ အရေးအကြီးဆုံးဆိုတာ လူသားစိတ် ပီသတဲ့ လူတစုက သက်သေပြလိုက်တာကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ တချို့သော လူတွေက ချမ်းသာပိုင်ဆိုင်မှုကို အရေးပေး သာယာတတ်ကြသလို တချို့ကတော့ သူတို့ရဲ့ တကိုယ်ကောင်း စိတ်ခံစားချက်တွေကို ဦးစားပေး လုပ်ဆောင်တာကို တွေ့မြင်ရတတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော် (မီတာ ၆၀၀ ကျော်) မိုင်းတွင်း အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများ (၃၃) ယောက်ကို လူသားဆန်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။

သာမာန်လူတယောက် အနေနဲ့ စဉ်းစားမယ်ဆို ဒါဟာ အလုပ်သမား ဒုက္ခရောက်နေတာကို သူဌေး(ပိုင်ရှင်)က ပြန်ကယ်ရတာဟာ ထုံးစံတခုပါပဲ။ ဒါပေမဲ့ ဒီလူသား ၃၃ ယောက်ကို ကယ်တင်ရာမှာပညာရှင်တွေသာမက နိုင်ငံခေါင်းဆောင်တွေကပါ လူသားချင်း လေးစားမှုကို ပြသခဲ့ကြပါတယ်။ အတော်ကို လေးစား အားကျဖွယ် ကောင်းလှပါတယ်။ ဒီကယ်တင်မှုကို Live အနေနဲ့ ကြည့်နေတဲ့ ကျနော်တောင် ရင်ထဲမှာ မပြောပြတတ်အောင် ကြည်နူးမှုလေးတွေ ဖြစ်ပေါ်နေမိတယ်ဆိုတော့ ၂လကျော် ဝေးကွာနေရတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစု၊ မိုင်းလုပ်သားတွေရဲ့ စိတ်ဓါတ်ကို ပိုလို့တောင် ကိုယ်ချင်းစာ ခံစားမိပါတယ်။ ကယ်ဆယ်စဉ် အတွင်း နောက်ဆုံး တက်လာတဲ့ မိုင်းလုပ်သမားက အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ လုပ်ဆောင်ချက်တွေကလဲ အတုယူစရာ ကောင်းလှပါတယ်။

[youtube]http://www.youtube.com/watch?v=XGecqHnN2gQ[/youtube]

ဒီလူသားဆန်တဲ့ ကယ်ဆယ်မှုတွေကို ကျနော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို အစားထိုး ခံစားကြည့်နေမိတယ်။ တကယ်၍ ကျနော်တို့ တိုင်းပြည်မှာ ဒီလို ဖြစ်နေခဲ့ရင်ကော ကျနော်တို့ တိုင်းပြည်ရဲ့ တာဝန်ရှိသူတွေက ဒီလို လုပ်ဆောင်ပါ့မလားလို့...... တွေးရင်း တွေးရင်းနဲ့ ဟိုတချိန် နာဂစ်ရဲ့ ရိုက်ခတ်မှုအောက်က မိသားစုတွေ၊ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း...........

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။

……….

လေးစားလျက်

တောင်ပေါ်သား

1 comments:

Blogger Template by Clairvo