လင်းရောင်ခြည် ထွန်းလင်းတဲ့ဒီမနက်
ကျနော်တမ်းတမိတာ တခုပဲရှိခဲ့တယ် အမေ
ဒီနေ့လေးမှာ လောကရဲ့ သဘာဝလေအေးတွေ
အမေတ၀ကြီး ရူရှိုက်နိုင်ပါစေလို့ပေါ့
ရှင်သန်နေတဲ့ ဒီသက်တမ်းတလျှောက်
အမေကျနော့်တို့အတွက် အကုန်လုပ်ပေးခဲ့ပြီးပြီလေ
အမေ့ရဲ့ စူးရှတဲ့ ပြတ်သားတဲ့ဒီအသံတွေ
မမီခဲ့တဲ့ ကျနော်တို့လို ကလေးငယ်တွေ
နောက်တကြိမ် လွတ်လပ်စွာပြန်ကြားချင်နေမိတယ် အမေ
ဒါဘယ်သူ့အပြစ်လဲ သေချာစဉ်းစားကြည့်တော့
တကယ့်အမှားဆုံးတရားခံဟာ ကျနော်တို့ပါပဲ အမေ
လိုချင်တာကို မရမက မလုပ်တတ်တဲ့
အလွယ်တကူ အရှုံးပေးတတ်တဲ့ ကျနော်တို့ရဲ့
ခေတ်သစ် မြန်မာသွေးတွေကြောင့်ပါ အမေ
နေရာလေးများ မရခင်တော့ အချိန်တိုင်း အော်ဟစ်လို့ပေါ့
သာယာမက်မောဖွယ်ကောင်းတဲ့ နေရာလေးများရရင်တော့
အော်ဟစ်ခဲ့တဲ့ စကားလုံးတွေတောင် မေ့သွားတတ်တဲ့
အမေ့ကို သတိရမူတွေ ပျောက်ဆုံးနေတတ်တဲ့
ကျနော်တို့လို သားမိုက်တွေရဲ့ အပြစ်တွေပါ အမေ
ခုဒီမနက်ခင်းလေးမှာ ကျနော်တွေးနေမိတယ်အမေ
အမေဘာဆက်ဖြစ်မလဲ ဘာတွေ အနစ်နာဆက်ခံရဦးမလဲ
အမေ ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်
ဒီသားမိုက် ကျနော်တို့တွေ ခုထက်ထိ
ဒီတွင်းဆိုးထဲကနေ မကျော်လွှားနိုင်သေးဘူးအမေ..
ဒါဘယ်သူအပြစ်လဲ တကယ်တော့ ကျနော့်တို့ အပြစ်တွေပါ အမေ..
လေးစားလျက် တောင်ပေါ်သား
7 comments: