ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကားလက်ဆုံကျလို့ ပြောဖြစ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးဖက် ရောက်ရောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အခုထိ ကျနော် ဒီမိုကရေစီဆိုတာ ဘာလဲ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်ကို သေချာနားမလည်သေးပါဘူး။ ကျနော်ရဲ့ ဦးနှောက်ဥာဏ်နဲ့ စဉ်းစားရသလောက်ကတော့ ဒီမိုကရေစီဆိုတာ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပြောဆိုခွင့် အပြည့်အဝရှိတာပါပဲ။
တကယ်၍များ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့ အနောက်နိုင်ငံတွေလိုများ ကျနော်တို့ မြန်မာတွေများ ရခဲ့ရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားမိပါတယ်။ ဒီမိုကရေစီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကောင်းကွက်၊ ဆိုးကွက်ဆိုတာကတော့ ဒွန်တွဲလို့ နေတတ်ပါတယ်။ စီးပွားရေးတွေ တိုးတက်လာမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ အရင်လိုမဟုတ်ပဲ ပိုမိုကောင်းမွန်လာမယ်၊ တောင့်တင်းခိုင်မာတဲ့ ငွေကြေး စနစ်တွေ ရှိလာနိုင်မယ်။ သာမာန်အောက်ခြေ အလုပ်သမားတွေ ဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ တိုးလာပြီး မိသားစုစားဝတ်နေရေးတွေ ပြေလည်လာနိုင်မယ် စသည် စသည်ဖြင့်ပေါ့... ဒါတွေက အကောင်းဖက်ကနေ စဉ်းစားပြီးတော့ ဝမ်းသာနေမိတာ
အဆိုးဖက်ကကော သာမာန်ကြည့်လိုက်ရင်တော့ အဆိုးဖက်က သိပ်မများပါဘူး။ ဒါပေမဲ့ မထိန်းသိမ်းနိုင်ရင်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာကြီးက ပျောက်သွားနိုင်တယ်မလား။ နိုင်ငံရေးမလုပ်နဲ့ အစိုးရမကောင်းကြောင်း မပြောနဲ့ ကျန်တာအကုန်လုပ်လို့ရတယ်ဆိုတဲ့ တိုင်းပြည်ကြီးအောက်မှာ လူငယ်တွေ ပျက်စီးချင်တိုင်း ပျက်စီးနေတာ တွေ့နေ မြင်နေရတယ်။ ယောကျာ်းလေးတွေမို့လို့ ဆိုးသွမ်းကြတယ်ထားပါဦး ခုတော့ မြန်မာမိန်းကလေးတွေလဲ မမြင်ချင်မှအဆုံး အင်တာနက်ပေါ်မှာ ဖြစ်ချင်တာတွေ ဖြစ်နေကြတော့တာပဲ မဟုတ်လား။ ဒါဟာ ရေရှည်တွေးကြည့်ရမဲ့ အချက်တခုပါ။ ဒီလိုပြောလို့ အရင်ခေတ်တုန်းက ရင်ဖုံအင်္ကျီ၊ ချိတ်ထမီနဲ့ နေရမှာလားဆိုပြီး အတွန့်တက်ကြမှာ မြင်ယောင်မိတယ်။ ဆိုလိုတာက ဒီလိုခေတ်ကြီးထဲမှာ အဲ့လောက်ထိနေထိုင်၊ ဝတ်ဆင်စရာလဲ မလိုလှပါဘူး။ ခေတ်နဲ့ အညီဝတ်တတ်ရပါမယ် ခေတ်ကိုကျော်ပြီးတော့ မိမိမရှိ ရှိတာတွေကို ချပြပြီး နာမည်ကျော်ကြားချင်တာတွေကတော့ ရုပ်ဆိုးလွန်းပါတယ်။
အထက်က ပြောခဲ့သလိုပဲ ကျနော်နားလည်သလောက် သိသလောက် ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ကိုယ်မှန်မယ်ထင်ရင် ပြောဆိုပိုင်ခွင့် ရှိသလို၊ ကိုယ်မှားခဲ့ရင်လဲ တောင်းပန်နိုင်ရပါ့မယ်။ ခုတလော မြင်ရသလောက်မြန်မာတွေရဲ့ စိတ်က ကိုယ်ကြိုက်တာကို လာမကောင်းမပြောနဲ့ တကယ်၍လာပြောရင် ဒါရန်သူပဲလို့ ထင်မြင်နေကြပါတယ်။ ဘယ်လောက်ပဲ လေးစားကြည်ညိုစရာကောင်းတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္တု ဖြစ်နေပါစေ ကိုယ်ဖက်က ကိုယ်ခံယူတဲ့အတိုင်း ပြောဆိုခွင့်တော့ ရှိသင့်ပါတယ်။ ဥပမာ ဒီမိုကရေစီနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သမ္မတကြီးကို မကြိုက်လို့ ကန့်ကွက်ချင်တယ်ဆို ကန့်ကွက်လို့ရပါတယ်။ အကျိုးအကြောင်းနဲ့ ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ ဒါသည် ကျနော် နားလည်တဲ့ ဒီမိုကရေစီပါ။ ခုကတော့ ကျနော်တို့ မြန်မာတွေအများစုက ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်ကို နဲနဲလေးမကြိုက်ကြောင်း ပြောလိုက်တာနဲ့ ငှက်ဆိုးတွေ ဝိုင်းထိုးသလို ပြန်ပြောနေကြတာကတော့ အတော့်ကို ရီစရာကောင်းလှပါတယ်။ ဒီလိုပြောလို့ ကျနော် အမေဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံဘူးလားလို့ လာမေးရင် မဟုတ်ပါဘူး ကျနော် အကြွင်းမဲ့ ထောက်ခံပါတယ်။
ဒီမိုကရေစီလို့ ဝိုင်းအော်နေတဲ့ လူတွေကိုတော့ ကျနော်လို သာမာန်လူတယောက် အနေနဲ့ ကြည့်ရတာ စိတ်ချမ်းသာမှုကို ရှာလို့ မရသေးတာတော့ အမှန်ပါပဲ။ ကျနော်တို့ နိုင်ငံကြီး အမြန်ဆုံး လွတ်လပ်ပြီး ပြည်သူတွေစိတ်ကြိုက် ရွေးချယ်တင်မြောက်တဲ့ တရားမှုကို မြတ်နိုးတဲ့ ဒီမိုကရေစီပိုင်ဆိုင်တဲ့ နိုင်ငံတခုကို အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းရင်း.......
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
နိုဝင်ဘာ၊ ဒီဇင်ဘာဆို ကျနော်ရဲ့ မွေးရပ်မြေမှာ အတော့်ကို အေးနေလောက်ပြီ။ မနက်ခင်း နေရောင်ခြည် မရသေးခင် မြူတွေနဲ့ မှုန်ဝါးနေတဲ့ တောင်ပေါ်မြေရဲ့ အလှကို မမြင်ရတာလဲ နှစ်ပေါင်းမနည်းတော့...... မြူမှုန်တွေ ဝေနေတဲ့ တောင်ပေါ်က ထင်ရှူးပင်တွေရဲ့ အလှနဲ့ တောင်ကြီးမြို့လို့ ပြောလိုက်ရင် ခွဲခြားလို့ မရတဲ့ တောင်ချွန်းကြီးရဲ့ အလှ ဒါတွေ အားလုံးဟာ ကျနော်နဲ့ အနေဝေးလို့ တစိမ်းဆန်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကို ကြာခဲ့ပြီ......
မနက်စောစော အိမ်ရှေ့က ပဲပြုတ်လာရောင်းတဲ့ အဒေါ်ကြီးကိုလဲ သတိရသလို အိမ်ဘေးက တို့ဟူးနွေးဆိုင်လေးကိုလဲ သတိတရ ရှိလှသည်။ တို့ဟူးနွေး ပူပူလေးနဲ့ အခါးရေ (ရေနွေးကြမ်း) ကိုသောက်ရသည်က အရသာတမျိုး.... တခါတရံ မနက်စောစော အမေကြော်ပေးသည့် ထမင်းကြမ်းကြော်နဲ့ တို့ဟူးနွေးလေး တပွဲကို စားရသည်ကိုလဲ မမေ့.... မနက်စော အိမ်ရှေ့အပြင်ထွက်ကြည့်လိုက်လျှင် တဂျုန်းဂျုန်းနဲ့ ထော်လာဂျီအသံကိုကြားရမည်။ ရိုးသားလှသော တောင်သူဦးကြီးတွေ မနက်ခင်းစောစောသွားပြီး ဈေးခင်းဖို့ နေရာသွားယူကြခြင်းဖြစ်သည်။
တခါတရံ အပျင်းပြေ သူငယ်ချင်းရဲ့ ထော်လာဂျီကားနဲ့ လိုက်၍ ကျောက်တွင်းတွေနား ရောက်ဖူးသည်။ တောင်ကြီးမြို့ရှိ တောင်များတွင် ကျောက်တောင်များလဲ ရှိသည်။ ကျောင်တောင်များပေါ်တွင် ပါးလွှာသော မြေဆီလွှာအထပ်တွင် အပင်ကြီးငယ်များ ပေါက်ရောက်တတ်ကြသည်။ ထိုကြောင့် ကျောက်တောင်များကို ခွဲပြီး လမ်းခင်းကျောက်များ၊ အိမ်ဆောက်လျှင် သုံးဖို့ အုတ်ဘလောက်များ လုပ်ကြသည်။ သူငယ်ချင်းနှင့် လိုက်သွားသော ကျောက်တွင်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများမှာ သာမာန်လူတွေထက် ပိုမို ပင်ပန်းကြသည်။ ဒါပေမဲ့ သူတို့တွေရဲ့မျက်နှာများပေါ်တွင်တော့ အပြုံးများဖြင့်သာ....
ရိုးသားသော တောင်ပေါ်သူ/သားတို့သည် တနှစ်ပတ်လုံး ကြိုးစားလုပ်ကိုင် ရှာဖွေထားသမျှကို သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်လျှင် မိသားစုတွေ ပျော်ရွှင်စွာဖြင့် နွှဲပျော်ကြသည်။ အလှူအတန်း ရက်ရောကြသည်။ ကျနော်တို့ ငယ်စဉ်က မြို့လုံးကျွတ် ဘုံကထိန်ပွဲရောက်လျှင် ကျောင်းအတန်း တတန်းချင်းစီ အလှူငွေများ ကောက်ခံပြီး မိမိတို့ နှစ်သက်ရာ အရုပ်များလုပ်ကြသည်။ အရုပ်များပေါ်တွင် ငွေကြေးများ ကပ်၍သော်လည်းကောင်း၊ သင်္ကန်းများ၊ ဆွမ်းအုပ်များ၊ ဆပ်ပြာ၊စာအုပ် စသည်ဖြင့် အသုံးအဆောင်များကို ကြိုးနှင့် သေချာချည်နှောင်၍သော် လည်းကောင်း ထမ်းစင်များ ပြုလုပ်၍ မြို့လုံးကျွတ် လည့်လည်ပြသကြသည်။ မြို့နယ်၊ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက် အားလုံးကို စုပေါင်း၍ လည့်လည်ကြသဖြင့် မနက်စောပိုင်းက စပြီး လည့်လိုက်သည့် ကထိန်ပွဲမှာ နေ့လည် ၂ချက်ထိုးလောက်မှ ပြီးတတ်သည်။ လမ်းဘေးတွင်လဲ သောက်ရေချမ်းစင်များ၊ မုန့်များချပြီး အလှူလုပ်သည့် လူတွေကလဲ တပုံတပင်။
ကျနော်တို့ တောင်ပေါ်သားများသည် ပွဲလန်းသဘင်ကို အတော့်ကို ခုံမင် နှစ်သက်ကြသည်။ သင်္ကြန်ဆိုလဲ သင်္ကြန်ပွဲတော်အလျှောက် ကျင်းပ ပျော်ရွှင်ကြသည်။ ဒါပေမဲ့ ယခုလို တန်ဆောင်တိုင်ပွဲချိန်လောက် ကျနော်တို့ တောင်ပေါ်သူ/သားတွေ မြတ်နိုးသည့် ပွဲ မရှိပေ။ တန်ဆောင်တိုင်သည် အခြား ပြည်နယ်နဲ့ တိုင်းများနဲ့ မတူ ကျနော်တို့ တောင်ကြီးမြို့တွင် ရိုးရာအမွေဟု ခေါ်ဆိုထိုက်သည့် မီးပုံးပျံပွဲတော် ရှိသည်။ မီးပုံးပျံပွဲတော်တွင် မီးပုံးပျံများပြုလုပ်၍ ဘုရားရှင်ကို ပူဇော်ကြသည်။ ကြက်ပျံမကျ စည်ကားလှသော ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် တောင်ကြီးသူ/သားတိုင်း၏ သွေးသားထဲ လှည့်ပတ်ဝင်နေသည်။ နှစ်စဉ် ရိုးရာမပျက် ဆင်နွှဲကြသည်။
မီးပုံးပျံဟု ခေါ်ဆိုရတွင်လဲ ရိုးရာထွက် ရှမ်းစက္ကူများကို တခုနဲ့ တခု ကော်ဖြင့် ကပ်ပြီး အပြင်ဖက်တွင် အလှအပ တန်ဆာဆင်ကြသည်။ မီးရှူး မီးပန်းများနှင့် လှပသည် မီးပုံးပျံများ ရှိသည်။ အပြင်တွင် မီးပုံးလေးများချိတ်ပြီး အလှလွှတ်ရသော စိန်နားပန်း ဟုခေါ်သော အလှပြမီးပုံးပျံများလဲ ရှိသည်။ နေလည်နေ့ခင်းတွင် ငှက်ရုပ်၊ ခိုရုပ်၊ ကြက်ရုပ် စသည်ဖြင့် တိရစ္ဆာန်ပုံစံလေးများ လုပ်ပြီး လွှတ်ကြသည့် နေ့ရုပ်အလှအပပွဲများလဲ ရှိသည်။ ယခုလို ခေတ်မီတိုးတက်သော ခေတ်တွင် နိုင်ငံတကာ အခန်းအနား ပွဲလမ်းသဘင်များ ဖွင့်ပွဲများတွင် လွှတ်တင်နေသော မီးရှူးမီးပန်များနှင့် မခြား လှပစွာ စီခြယ်ထားသည့် ရိုးရာလုပ် မီးရှူးမီးပန်းများကို မြင်ရသူတိုင်းက အံ့သြ ချီးကျူးကြရစမြဲ မင်သက်သွားရစမြဲ ဖြစ်သည်။
ကျနော်တို့ တန်ဆောင်တိုင်ကို အတုယူ၍ ကျင်းပကြသည့် မီးပုံးပျံပွဲတော်များ သတင်းများကိုလဲ ဖတ်မိသည်။ ကြားမိသည်။ ဒါပေမဲ့ ကျနော့် ရင်ထဲမှာ စိုးစေ့မျှ မနာလို ဝန်တိုစိတ် မရှိပေ။ ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော ကျနော်တို့ တောင်ပေါ်သူ/သားတိုင်း ရင်ထဲမှာက တခုသာ ရှိသည်။ တန်ဆောင်တိုင် မီးပုံးပျံပွဲသည် ချစ်သော ရှမ်းမြေ (တောင်ကြီး)မှ အစပြုခြင်းသာ.... ဘယ်သူတွေ ဘယ်လောက် လိုက်တုတု ကျနော်တို့ အားပေးသည် မြတ်နိုးသည်က တောင်ပေါ်မြေမှ တန်ဆောင်တိုင်ပွဲသာ ဖြစ်သည်....
ယခုလို တန်ဆောင်တိုင်နား ရောက်ပြီဆို ကျနော်တို့ တောင်ပေါ်သူ/သားတွေ မနေနိုင် မထိုင်နိုင်ဖြစ်တတ်စမြဲ၊ ပြည်ပရောက် ညီအကိုမောင်နှမတွေလဲ တယောက်နဲ့ တယောက် ဆက်သွယ်ပြီး တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း မေးကြစမြဲ။ ကျနော်သည်လဲ အခုဆို မရောက်နိုင်သေးသော ပွဲကို အဝေးမှ မျှော်နေရစမြဲ ဖြစ်သည်။ ဘယ်တော့မှ ကိုယ့်မွေးရပ်မြေ၊ ရိုးရာဓလေ့ကို မမေ့တတ်သော တောင်ပေါ်သူ/သားတွေကို မြင်ရ ကြားရသာ ပီတိဖြစ်ရစမြဲ။ ရိုးသားလှသော ဂုဏ်ပကာသနကင်းသော တောင်ပေါ်သား တယောက် တောင်ကြီးသား တယောက် ဖြစ်ရသာ ကျနော် ဂုဏ်ယူစမြဲသာ.......
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
လူဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်တော့ ဘာလိုလိုနဲ့ ၂၆ နှစ်ဆိုတဲ့ အရွယ်အပိုင်းအချာထဲကို ရောက်လာခဲ့ပြန်ပြီ။ တနှစ် တနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မတိုးတက်လာသေးတဲ့ လူတယောက်အဖို့ ခဏလေးလို့ စိတ်ထဲကနေ တွေးနေမိပြန်တယ်။ လက်ရှိ အခြေအနေကို သေချာ ပြန်သုံးသပ်လိုက်တော့ အရင် တနှစ်နဲ့ ဘာဆို ဘာမှ ထူးခြားလာခဲ့တာ မရှိ။ အရာအားလုံးဟာ မနှစ်ကအတိုင်းလေးပဲ တိုးတက်မှု မရှိ ဆုတ်ယုတ်မှုတွေကသာ များနေခဲ့တယ်။
တခါတလေ လမ်းစပျောက်နေတဲ့ သားကောင်လိုမျိုး စိတ်အလိုက အသားမကျတတ်ပြန်ဘူး။ တကိုယ်ထဲ ဖြတ်သန်းခဲ့တဲ့ နှစ်တွေထဲမှာ ဒီနှစ်ကတော့ မှတ်မှတ်ရရလေးတွေ ကျန်နေခဲ့ဦးမယ်ထင်ပါရဲ့.... ဒီနှစ်ထဲမှာ စာမေးပွဲ တခု ဖြေဖြစ်ခဲ့တယ်။ ဒါက အကျိုးအမြတ်တခု၊ ဒီနှစ်ထဲမှာ အလုပ်က ထင်သလောက် အဆင်မပြေခဲ့ဘူး။ ဒါက ဆုတ်ယုတ်မှု တခု။ ခုထက်ထိလဲ အဆင်မပြေတာတွေကော အဆင်ပြေတာတွေကော အစုံပါပဲ။
ခုဆို အဝေးကနေပဲ လွမ်းပြီး ကြည့်ရဦးမဲ့ တန်ဆောင်တိုင် ပွဲတော် လာတော့မယ်။ ကျနော့် မြို့လေးမှာလဲ ဒီအချိန်ဆို ကလေး၊လူကြီး အားလုံး လိုလို ပျော်ရွှင်နေမဲ့ အချိန်လေးပေါ့။ တန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ လွှတ်တင်ဖို့ မီးပုံးပျံလေးတွေ သူတို့တွေ စုပေါင်းအားနဲ့ အားကြိုးမာန်တက် လုပ်နေကြလောက်ပြီ။ တခါတလေ မပြောပြတတ်အောင် လွမ်းတယ်။ စိတ်ကူးထဲမှာ ကျနော့်မြို့လေးကို မြင်ယောင် တွေးကြည့်နေမိတတ်တယ်။ ခုတလော Social Site တခု ဖြစ်တဲ့ Facebook ကျေးဇူးကြောင့် တောင်ကြီးသား ညီအကိုတွေ တင်ထားတဲ့ မီးပုံးပျံလုပ်နေတဲ့ ပုံတွေ၊ တောင်ကြီးမြို့လေးရဲ့ ရူခင်းဓါတ်ပုံလေးတွေကို မြင်ရတော့ ဝမ်းနည်းဝမ်းသာ ဖြစ်မိပြန်တယ်။
မိသားစုကိုလည်း လွမ်းတယ်။ အမေ့ကို သတိရတယ်။ သတိရတဲ့ အထဲမှာ အမေ့နဲ့ အဒေါ်ချက်တဲ့ ဟင်းအမယ်စုံတွေကိုလဲ သတိရတယ်။ ညီ၊ ညီမလေးတွေကိုလဲ သတိရတယ်... မွေးစလေးကတည်းက ဝေးခဲ့တဲ့ အမွှာ တူနှစ်ကောင်ကိုလဲ ပြန်မြင်ဖူးချင်တယ်။ သူတို့ဆို ကျနော့်ကို ဘယ်မှတ်မိပါ့မလဲ။ ဖုန်းဆက်လိုက်ပြီဆို ဦးလေး ဦးလေးနဲ့ ခေါ်နေပုံက ကျနော့်အသက်က ကြီးလာနေကြောင်း မီးမောင်း ထိုးပြနေသလိုလို.... အသက်တွေ အဖြည်းဖြည်းကြီးလာတဲ့ အမေ့ကို ဘာမှ မယ်မယ်ရရ ထောက်ပံ့မှုတွေ မပေးနိုင်သေးဘူး...... အမေ့တိုက်ကျွေးခဲ့တဲ့ နို့ဖိုးမဆပ်နိုင်သေး.. ဘယ်တော့မှလဲ အကျေ ဆပ်နိုင်လိမ့်မည်မဟုတ်... မိဘမေတ္တာသည် ဘယ်တော့မှ ဆပ်ကုန်နိုင်မည်မဟုတ်.....
စင်ကာပူ ဆိုတဲ့ အတိုင်း ဆင့်ကာပူနေရတဲ့ ဒီနိုင်ငံလေးမှာ တခါတလေတော့လဲ အဝေးကို ထွက်ပြေးချင်သား....... အလုပ်ပြောင်းနေတာ ကုမ္ပဏီ ၅ ခု ရှိပြီ။ အလုပ်က ကြိုက်ပေမဲ့ အစိုးရက Work Permit မချပေးတော့ လက်ရှိအလုပ်လေးမှာပဲ ကပ်နေရပြန်တယ်။ ခုနောက်ပိုင်း စင်ကာပူမှာ အလုပ်တခုရဖို့ အတော်ကို ကြိုးစားနေရသည်။ သူငယ်ချင်းတချို့ အဆင်မပြေ ပြန်သွားကြသည်။ မရှိရှိတာလေး အကုန်ခံပြီး အလည်လာ အလုပ်ရှာကြသူများ ခုတလော မလာတာပိုကောင်းမည်။ ကျနော့် အမြင်ကတော့ လက်ရှိ အခြေအနေအရ မလာစေချင်ကြသေးပါ။
ကြားထဲမှာ စာတွေ ရေးချင်စိတ်မရှိလောက်အောင်ကို ဖြစ်နေတာ.. ဒါပေမဲ့ Blog ဆိုတာကိုတော့ မေ့ထားလို့ မရခဲ့ပါဘူး ကျနော် ချစ်တဲ့ အကိုမောင်နှမတွေရဲ့ စာတွေကို သူတို့မသိပဲ Google Reader လေးထဲကနေ နေ့စဉ် ဖတ်နေရပါတယ်။ ဒီလိုနဲ့ ကျနော့်ရဲ့ Site လေးလဲ လူသူမရှိ ဖုန်ထူနေပြီပေါ့။ ကျနော့် Site လေးကို လာပြီး မေးမြန်းတဲ့ လာရောက်လည်သွားတဲ့ ညီအကို မောင်နှမတွေကို ကျေးဇူး အထူးတင်ပါတယ်။ အခက်အခဲတွေ ရှိတိုင်း တကယ့် မောင်နှမတွေလို ကူညီကြတဲ့ လူတွေကိုလဲ ကျနော် ကျေးဇူးတကယ် တင်မိပါတယ်။
ယခု အသက် ၂၆ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်း ဘယ်လောက်ကြာအောင် တယောက်ထဲ ယခုလို နေရဦးမည်မသိ။ နေခဲ့သည် ဘဝတလျှောက်မှာတော့ အကောင်းလို့ ထင်တာတွေကို လုပ်ခဲ့သည်။ မကောင်းတာတွေလဲ ပါချင်ပါခဲ့မည်။ ကျနော့်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့သည့် လူများ၊ စိတ်ဆင်းရဲခဲ့ရသည့် လူများကိုလဲ ကျနော်တောင်းပန်ချင်ပါသည်။ အားလုံးသော ညီအကို မောင်နှမတွေ လိုအပ်ချင်များစွာ ပြည့်စုံပါစေလို့ ကျနော်ဆုတောင်းပေးပါသည်။
တကယ်တော့ ကျနော်တို့အားလုံးသည် ရေကြည်ရာ၊ မြက်နုရာ ရှာဖွေနေကြသော ခေတ္တအသိုက်ပြောင်းလာကြသည့် ငှက်ကလေးတွေသာ.... ရာသီဥတု ဆိုးရွား၍ပဲ ဖြစ်ဖြစ်၊ စားစရာ အဟာရတွေ ကုန်ခမ်းလာ၍ပဲ ဖြစ်ဖြစ် ကျနော်တို့ ဌာနေကို စွန့်ခွာ၍ သူတပါးတွေ နေသည့် အရပ်တခုမှ ခေတ္တခဏ မှီခိုနေသည့် ဆောင်းခိုငှက်လေးတွေ ပမာသာ.... အချိန်တန်လို့ နွေဦးရောက်ပြီးဆိုလျှင်တော့ ကျနော်တို့ ကွန်းခိုရာ သာယာလှပတဲ့ ဌာနေကို အားလုံးပြန်ကြမည်သာ ဖြစ်သည်ဟု ကျနော်ကတော့ ခံယူသည်။ ဒီလို သာယာလှပတဲ့ ကျေးငှက်သံတွေ တွန်ကျူးနေတဲ့ အရပ်လေးကို ကျနော်တို့ မျှော်ကြည့်ရင်း.........
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ဒီကမ္ဘာမြေလောကမှာ ဘယ်အရာဟာ အရေးအကြီးဆုံးဆိုတာ လူသားစိတ် ပီသတဲ့ လူတစုက သက်သေပြလိုက်တာကို ကျနော် မြင်တွေ့ခဲ့ရပါတယ်။ တချို့သော လူတွေက ချမ်းသာပိုင်ဆိုင်မှုကို အရေးပေး သာယာတတ်ကြသလို တချို့ကတော့ သူတို့ရဲ့ တကိုယ်ကောင်း စိတ်ခံစားချက်တွေကို ဦးစားပေး လုပ်ဆောင်တာကို တွေ့မြင်ရတတ်ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကတည်းက မြေအောက် ၂၂၇၅ ပေကျော် (မီတာ ၆၀၀ ကျော်) မိုင်းတွင်း အတွင်း ပိတ်မိနေခဲ့သော ချီလီသတ္တုတွင်း လုပ်သားများ (၃၃) ယောက်ကို လူသားဆန်စွာ ကယ်တင်နိုင်ခဲ့ပါတယ်။
သာမာန်လူတယောက် အနေနဲ့ စဉ်းစားမယ်ဆို ဒါဟာ အလုပ်သမား ဒုက္ခရောက်နေတာကို သူဌေး(ပိုင်ရှင်)က ပြန်ကယ်ရတာဟာ ထုံးစံတခုပါပဲ။ ဒါပေမဲ့ ဒီလူသား ၃၃ ယောက်ကို ကယ်တင်ရာမှာပညာရှင်တွေသာမက နိုင်ငံခေါင်းဆောင်တွေကပါ လူသားချင်း လေးစားမှုကို ပြသခဲ့ကြပါတယ်။ အတော်ကို လေးစား အားကျဖွယ် ကောင်းလှပါတယ်။ ဒီကယ်တင်မှုကို Live အနေနဲ့ ကြည့်နေတဲ့ ကျနော်တောင် ရင်ထဲမှာ မပြောပြတတ်အောင် ကြည်နူးမှုလေးတွေ ဖြစ်ပေါ်နေမိတယ်ဆိုတော့ ၂လကျော် ဝေးကွာနေရတဲ့ မိုင်းလုပ်သားတွေရဲ့ မိသားစု၊ မိုင်းလုပ်သားတွေရဲ့ စိတ်ဓါတ်ကို ပိုလို့တောင် ကိုယ်ချင်းစာ ခံစားမိပါတယ်။ ကယ်ဆယ်စဉ် အတွင်း နောက်ဆုံး တက်လာတဲ့ မိုင်းလုပ်သမားက အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ခေါင်းဆောင်တယောက်ရဲ့ လုပ်ဆောင်ချက်တွေကလဲ အတုယူစရာ ကောင်းလှပါတယ်။
[youtube]http://www.youtube.com/watch?v=XGecqHnN2gQ[/youtube]
ဒီလူသားဆန်တဲ့ ကယ်ဆယ်မှုတွေကို ကျနော်ကြည့်ပြီး ကိုယ့်တိုင်းပြည်ကို အစားထိုး ခံစားကြည့်နေမိတယ်။ တကယ်၍ ကျနော်တို့ တိုင်းပြည်မှာ ဒီလို ဖြစ်နေခဲ့ရင်ကော ကျနော်တို့ တိုင်းပြည်ရဲ့ တာဝန်ရှိသူတွေက ဒီလို လုပ်ဆောင်ပါ့မလားလို့...... တွေးရင်း တွေးရင်းနဲ့ ဟိုတချိန် နာဂစ်ရဲ့ ရိုက်ခတ်မှုအောက်က မိသားစုတွေ၊ ကလေးငယ်တွေရဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ရင်း...........
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
……….
လေးစားလျက်
တောင်ပေါ်သား
တခါတလေတော့လဲ ကျနော် တွေးနေမိသား..... ဘာရယ်တော့လဲ မဟုတ် ပျင်းနေရင် တွေးနေမိတာ လူတွေရဲ့ အကျင့်တခုမလား.. ဒီတော့လဲ ကျနော် တွေးမိတယ် (ဆိုလိုချင်တာက အပျင်းကြီးနေတယ်) ကျနော်တို့လို လူတွေအနေနဲ့ ခင်မင်စရာ တွယ်တာစရာလေးတွေကို ခုံမင်တတ်ကြတာပဲ။ မိသားစုနဲ့ ဝေးနေရတော့လဲ တခါတလေ မိသားစုကိုလွမ်းမိကြတယ်။ မိဘ၊ဆွေမျိုးတွေကို လွမ်းတတ်ကြမယ်..... သူငယ်ချင်း အပေါင်းအသင်းတွေကို သတိရတတ်ကြမယ်.... ကျနော်တို့တွေ ဒီလို အချိန်တွေ အများကြီး ပေးဆပ်ခဲ့ရတာတွေ ထိုက်တန်တဲ့ ရလာဒ်တွေကော ရခဲ့ကြသလား....... သေချာစဉ်းစားကြည့်မိတော့ ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်ခဲ့တော့ပေ.......
အရင်တုန်းက ပိုးသားလို ဖြူတဲ့ အမေ့လက်ပေါ်မှာ ကျနော် ကြီးပြင်းလာခဲ့တယ်... ခုတော့ ကျနော် ပိုးသားလို လိုက် မဖြူနိုင်တော့ပေ.....
အရင်တုန်းက ကျနော် သူငယ်ချင်းတွေကို တွယ်တာတတ်တယ်... ခုတော့ ကျနော် သူငယ်ချင်းတွေကို မေ့နေတတ်ပြီ........
အရင်တုန်းက ကျနော် မိသားစုကို ခင်တွယ် မြတ်နိုးတယ်... ခုတော့ ကျနော် တယောက်ထဲ နေတတ်ခဲ့ပြီ.........
အရင်တုန်းက အထိုက်အလျောက် ဖြူစင်ခဲ့ဖူးတယ်... ခုတော့ ကျနော် အစွန်းအထင်းတွေ များခဲ့ပြီ...........
အရင်တုန်းက ကျနော် ရိုးသားခဲ့ဖူးတယ်....... ခုတော့ ကျနော် လိမ်တတ်ခဲ့ပြီ............
အရင်တုန်းက ကျနော် ပွင့်လင်းစွာ ပြောဆိုဖူးခဲ့သည်...... ခုကျနော် ပါးစပ်တွေ နှုတ်ဆိတ်နေတတ်ခဲ့ပြီ……..
အရင်တုန်းက အမှားတွေ နဲခဲ့တယ်…… ခုတော့ ကျနော် အမှားများနဲ့ လူတယောက် ဖြစ်နေပြီ……..
အရင်တုန်းက အမှားသိရင် ရှောင်ခဲ့ဖူးတယ်…. ခုတော့ ကျနော် အမှားကို သိရက်နဲ့ ထပ်တိုးနေမိပြီ…..
ခုနေများ အရင်တုန်းက မိတ်ဆွေ၊ သူငယ်ချင်းတွေ များတွေ့ရင် သူတို့ ရင်ထဲက ထွက်လာမဲ့ စကားလေး တခုကို ကျနော် ကြိုခန့်မှန်းတတ်ခဲ့ပါပြီ။
သြော်…. ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်တော့ပါ့လား……………………….
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
..........
လေးစားလျက်
တောင်ပေါ်သား
မိတ်ဆွေ၊ အပေါင်းအသင်း စတာတွေက လူတယောက်ရဲ့ ဘဝမှာ ဘယ်လောက်ထိ အရေးပါနိုင်ပါသလဲ .. ဘယ်အတိုင်းအတာတခုထိ ဖြည့်ဆည်းပေးနိုင်ပါမည်လဲ။ လူရယ်လို့ ဖြစ်လာပြီဆိုကတည်းက ပတ်ဝန်းကျင် အသိုင်းအဝန်းကြားမှာ ကြီးပြင်း ပေါက်ဖွားလာခဲ့ရတာတွေချည်း မဟုတ်ပါသလား။ ဒီတော့ ကျနော်တို့ အတွက် ပတ်ဝန်းကျင် အသိုင်းအဝိုင်းဆိုသည်မှာ ကင်းကွာလို့မရ .. ဒါတွေကို မျက်စိစုံမှိတ်ပြီး လူ့လောကမှာ တယောက်ထဲ ရပ်တည်နေနိုင်ဖို့ ဆိုတာကကော ဖြစ်နိုင်ပါမည်လား။ ကျနော်တို့ရဲ့ မိသားစု အသိုင်းအဝန်း ဆိုသည်မှာ လောကကြီးအတွင်း လူသားချင်း ဘယ်လို ဆက်ဆံ ပြုမူနေထိုင်ရမယ်ဆိုတာတွေကို သင်ကြားပေးခဲ့တဲ့ လက်ဦးဆရာတွေသာ)
သတ္တဝါ (လူ၊တိရစ္ဆာန်) လို့ ဆိုလိုက်တာနဲ့ သူတို့ ကျင်လည်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကောင်း၊ အဆိုးရှိသည်။ အယဉ် အရိုင်း ရှိသည်။ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လိုမျိုး ရှိသလို ကျနော်တို့ လူသားတွေထဲမှာလဲ ဥာဏ်ရည်မြင့်သည့် လူတွေ ရှိသလို၊ ဥာဏ်ရည် မမြင့်တဲ့ လူသတ္တဝါ လူအန္ဓ တွေလဲ တပုံတပင် ရှိနေပေလိမ့်မည်။ အခြေခံ အကျဆုံး အချက်ကတော့ ဘယ်လောက်ပဲ ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားနေပါစေ၊ နိမ့်ကျနေပါစေ ကျနော်တို့တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရစမြဲပင်။ ကျနော်တို့ ဘာသာတရားတိုင်းလိုလိုတွင် ရှိနေသည့် အချက်က လူလောကဆိုသည်မှာ တကယ်တော့ ခဏတာအချိန်လေး တခုအတွင်းသာ ဖြစ်သည်မဟုတ်ပါလော့။ ဤခဏတာ လူဖြစ်ရသည့်အချိန်လေးထဲမှာ ကျနော်တို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရင်ဖြင့် ကျနော်တို့ စိတ်ကျေနပ် ပျော်ရွှင်မှုတွေနဲ့ ပျော်ရွှင်စရာ အရသာကို ခံစားရပေမည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့လျှင်လဲ စိတ်ဖြူစင် သန့်ရှင်းစွာဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လမ်းခွဲတတ်ဖို့က အရေးကြီးပေသည်။ တဦးနှင့် တဦး စတင် တွေ့ဆုံခင်မင်ရခြင်းသည် တနေ့ခွဲရဖို့ပင်။ ဒီအချက်သည် သေချာသော လောကနိယာမ တခုဟု ကျနော် ယူဆမိပါသည်။
ကျနော်သည် လူတယောက် ဖြစ်သည့်အလျှောက် လူတယောက်မှာ ရှိသင့်သည့် စိတ်ခံစားချက် ရှိပေသည်။ တခါတရံ ကျနော် စိတ်တိုတတ်သည်၊ ကျနော် မရင့်ကျက်သည့် အရာတွေလဲ အများအပြားပင်ဖြစ်သည်။ ဟိုငယ်စဉ်တုန်းကဆို ကျနော်တို့ သူငယ်ချင်းတွေ ကစားစဉ် အချင်းချင်း စကားနိုင်လုပြီး ရန်ဖြစ်တတ်ကြသည်။ ပြီးလျှင် ကျနော်တို့ စကားမပြောကြတော့ ဒါပေမဲ့ ဒါတွေသည် အချိန်အများကြီးမဟုတ် ကျနော်တို့ သူငယ်ချင်းတွေ စကားမပြောလျှင် အလွန်ဆုံး တပတ်ပေါ့ ပြီးလျှင် တူတူကစား ပျော်ပါးပြီး အငြိုးအတေး ကင်းကင်းနှင့် လက်တွဲတွေ မဖြုတ်ပဲ တွဲလက်တွေ ညီခဲ့ကြသည်သာ။ ထိုစဉ် ကလေးဘဝက ရန်ဖြစ်ရခြင်းအကြောင်းများက မိမိက သူများထက် သာချင်၍ ဖြစ်စေ၊ မိမိကို သူများက ပို၍ ဦးစားပေးခံချင်၍ ဖြစ်သည်က များသည်။ ဒါပေမဲ့ ကလေးဘဝက အရာရာသည် အဖြူထည် သက်သက်သာ။ ကျနော်တို့တွင် အငြိုးအတေး အာဃာတဆိုတာ မရှိခဲ့။ အရိုးခံ ဖြူစင်ခဲ့ကြသည်သာ ဖြစ်သည်။
အရွယ်ရောက်လာတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲတတ်ခဲ့သည်။ ပတ်ဝန်းကျင်ကို လိုက်၍ အမူအကျင့်တွေ ပြောင်းလဲတတ်ခဲ့သည်။ (ကျေးညီနောင် ပုံပြင်လိုပေါ့။) ကြီးပြင်းရာ ပတ်ဝန်းကျင်ကို လိုက်၍ ဖြူစင်ရိုးသားခဲ့သော စိတ်တို့သည် အရောင်မျိုးစုံ စွန်းထင်းခဲ့သည်။ ကျနော်တို့ စိတ်အလိုကို လိုက်ပြီး မှားယွင်းခဲ့ကြဖူးသည်။ အတွင်းစိတ် အေးချမ်းဖို့ထက် အပေါ်ယံ သာယာမှုတွေအပေါ်ကို ပိုမိုခုံမင်ခဲ့ကြသည်။ အပေါင်းအသင်းတွေ ပေါင်းစုံ ပေါင်းတတ်ခဲ့ကြသည်။ အပြုသဘောဆောင်ပြီး ကျနော်တို့ ခင်မင်ခဲ့ကြသည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့ရသော် ကျနော်တို့ ငယ်စဉ်ကလေးဘဝကလို စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ဒါပေမဲ့ ကျနော်တို့ မဖြူစင်ခဲ့ကြတော့ ကျနော်တို့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ မီးတောက်ကလေးတွေ လောင်ကျွမ်းခဲ့ရလေပြီ။ သေချာပြန်စဉ်းစားကြည့်ရင် ဆုံးရှုံးခဲ့ရသော အဖြစ်အတွက် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ ကျနော်တို့ ဆုံးရှုံးခြင်းသည် တခု မကခဲ့ပေ .. သူငယ်ချင်း ချစ်ခြင်းတရားများ ယုံကြည်မှုများ ပျော်ရွှင်မှုများ ကုန်လွန်ခဲ့သော အချိန်များ .. များစွာပင် ..
အသက်ရှင်နေသရွေ့ မလွဲမသွေ ဆုံတွေ့ခြင်း ကွဲကွာခြင်းပေါင်းများစွာ ဆုံတွေ့နည်း ကွဲကွာနည်းမျိုးပေါင်းစုံနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်ဦးမည် .. ထိုအတွက် ကျနော်တို့ တုန်လှုပ်ကြမည်လား .. အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ကြမည်လား ..
လူသားအားလုံးသည် ပျော်ရွှင်စွာဖြင့်နဲ့ လမ်းခွဲခြင်းကို ပိုမိုမြတ်နိုးမည် မျှော်လင့်သည် .. အသင်ဆိုလျှင်ကော..........
.........
..........................
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် ရှိသည်။
လေးစားလျက်
တောင်ပေါ်သား
ခုတလော အလုပ်တွေကများပြီး ပိုစ့်တွေတောင် မရေးဖြစ်တာကြာပါပြီ။ ပြောတဲ့လူများလာလို့ ကိုယ့် site လေးကို ဖုန်ခါတယ် ပြောပြော စိတ်ကူးတဲ့ရာ လုပ်တယ်ပဲ ပြောပြော တင်ချင်တာ တင်လိုက်ပါတယ်။ ခုတလော အလုပ်ကလေးကလဲ သိပ်အဆင်မပြေချင်တော့ အလုပ်ကို အကြောင်းပြလို့ စာမရေးဖြစ်တာ ကြာပါပြီ။ တကယ်ကတော့ အပျင်းကြီးနေတာပါ။ အပျင်းက ဘယ်လောက်ကြီးသလဲဆို ခုရက်ပိုင်း ခွင့်ယူတဲ့ ရက်တွေများနေတာ ကိုယ်တိုင်ပဲ သိတယ်။ အရင်တုန်းက ယူလို့ မရခဲ့တဲ့ ရက်တွေ တဝကြီး အစားထိုးယူနေတာပါ။ တနေ့တနေ့ ယူထားတဲ့ ရက်တွေ ဘာလုပ်မိသလဲ အားနေရင် Movies တွေကြည့်သည်။ Game ကစားသည်။ Facebook ဆိုတာဝင်သည်။ ကျောင်းကလဲ ၂ ပတ် ပိတ်ထားပေးပါသည်။ ဒီတော့ ကျောင်းသား လုပ်နေပေမဲ့ ကျောင်းစာ လေ့လာဖြစ်သလားဆိုတော့လဲ မလေ့လာဖြစ်ပါ။ ကျနော် အပျင်း ကြီးနေသည်။
တခါတလေတော့လဲ စဉ်းစားမိတယ်။ လူ့လောကကြီးမှာ အရာရာ ပြည့်စုံနေရင်လဲ မကောင်းဘူး၊ အရာရာ ချို့ယွင်းနေရင်းလဲ မကောင်းဘူးလို့။ ချို့တဲ့ခြင်းကို အဓိက ပြောချင်တာက လူတယောက်ရဲ့ အပြင်ပန်းထက် အတွင်းစိတ်တွေကိုပါ။ အရာရာကို ငါ တလုံးပဲ ကိုင်စွဲတော့လဲ မှန်နေတာတွေတောင် မှားနေတယ်လို့ အမြင်တွေက ရောက်သွားတတ်တာကိုး။ ချစ်ရသူက ပြောတယ် ဘုရားသခင်က ဘာလို့ ကောင်းတာတွေပဲ မပေးတာတုန်းတဲ့။ တကယ်လို့ ဆုတောင်းတိုင်းတာ ကျနော်တို့ကို ဘုရားသခင်က ပြည့်စုံအောင် ပေးနေမယ်ဆိုရင် ကျနော်တို့လို လူမိုက်တွေ ဘုရားသခင်ကိုမေ့လျှော့လို့ နေတော့မှာပေါ့။ လုံ့လ ၊ ဝီရိယ မပါပဲ ဘယ်အရာမှ မအောင်မြင်တတ်ပါဘူး။ ဘယ်အရာမဆို ပြုသူ၊ အပြုခံသူ၊ အကျိုးနဲ့အကြောင်း ရှိစမြဲပါပဲ။ ခုလို အချိန်မျိုးမှာ ကိုယ့်ဟာကိုယ် တွေးနေမိတယ်။ ဟိုအရင် ဒီရောက်တုန်းကလို စိတ်တွေလဲ တဖြည်းဖြည်းလုံးပါး ပါးလာခဲ့ပါလားလို့ပေါ့။ အရင်လို ကြိုးစားချင်စိတ်တွေ ပျောက်နေတယ်။ မနက်စောစော ထရမှာ အပျင်းကြီးနေတယ်။ တိုးတက်နေတဲ့ တိုင်းပြည်ကြီးမှာ အမီလိုက်နိုင်အောင် ကြိုးစားချင်ရင်တော့ လူတိုင်းနဲ့ တန်းတူ လိုက်လုပ်ရမှာပါပဲ။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လက်ရှိ ကမ္ဘာဖလား ဘောလုံးပွဲတွေကလဲ လာနေတော့ ည ညဆို မအိပ်ဖြစ်ဘူး။ အခုတောင် မနက်ဖြန် ခွင့်ယူထားတယ်။ ညဥ့်နက် လာမဲ့ ဘောလုံးပွဲကြည့်ဖို့ စောင့်ရင်း ပျင်းနေတာနဲ့ စိတ်ကူးထဲ ရှိတာတွေ ကျနော် ရေးနေမိတာပါ။ အဲ့လို အပျင်းကြီးနေတာပါ။ တခါတလေတော့လဲ စိတ်ကူးတိုင်း ဖြစ်တာမှ မဟုတ်တာ။ ဟုတ်တယ်မလား ဒီတော့ ဖြစ်တဲ့ အတိုင်းလေး မျောလိုက်သွားနေမိတာ ခုတော့ အပျင်းရောဂါပါ စွဲကပ်နေပါပြီ။ ဘယ်အရာမဆို လိုချင်ရင်တော့ အချိန် ဒါမှမဟုတ် တခုခုကို မဖြစ်မနေ စတေးခံရမှာပဲလေ။ ဘဝမှာ စိတ်ဓါတ်တွေ ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရာဟာ ကိုယ်လုပ်ရင် ဖြစ်လာမှာပဲ မဟုတ်လား ဒီတော့ ခုမဖြစ်ရင်တောင် တချိန်တော့ ဖြစ်လာမှာပဲ ဆိုတဲ့ စိတ်နဲ့ ကြိုးစားကြည့်လိုက်ရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မြန်မာစကားလေး ရှိတယ်မလား ကြိုးစားရင်း ဘုရားတောင် ဖြစ်နိုင်သေးတာပဲ။ စိတ်ကလေး နဲနဲထည့်ပြီး ကျနော်လုပ်ကြည့်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လူ့လောကမှာ တယောက်ထဲ ရုန်းကန်ဖို့ဆိုတာ အတော်ကို လွယ်ကူပါတယ်။ နေစရာ ၊ စားစရာလေးနဲနဲ ရှိရင် နေတတ်မယ်ဆိုရင် တယောက်ထဲ နေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ နောက်မှာ မမြင်ရတဲ့ အရာပေါင်းများစွာ လွှမ်းခြုံထားတတ်ကြပါတယ်။ အချို့က မိသားစုဘဝ၊ တချို့က အိမ်ထောင်သည် ဘဝ။ သားသမီး ရတနာတွေကို ကျနော်တို့ ဘယ်လို ပြုစုပျိုးထောင်မှာလဲ။ ကျနော် ဒီမလာခင်တုန်းက ဦးလေးက စကားလေး တခွန်းမှာလိုက်ပါတယ်။
[stextbox id="grey"]ဘဝတခုကို တည်ဆောက်တော့မယ် ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် ကြိုးစား ဖြတ်သန်းတော့မယ်ဆိုရင် ကိုယ့်ဘဝ တခုထဲကို မကြည့်နဲ့တဲ့၊ ကိုယ့်ရဲ့ နောက်မှာ ရပ်တည်နေတဲ့၊ ဖြစ်တည်လာမဲ့ အသက်ပေါင်းများစွာ ရှိနေတယ်တဲ့။[/stextbox]
သူတို့အတွက်ဆိုပြီး ကျနော်တို့ ရည်မှန်းကြိုးစားရင် အောင်မြင်မှုဆိုတာ မကြာပါဘူး ရရှိလာမှာပါပဲ။ ခုတလော ဦးလေး စကားလေးတွေ ပြန်ကြားယောင်နေမိတယ်။ ဟုတ်တယ် ကျနော် တယောက်ထဲ ကိုယ့်ဘဝတခုထဲ ကိုယ်ကြည့်နေမယ်ဆို လိုအပ်တာတွေထက် ပိုနေတာကများနေပြီ။ ဒါပေမဲ့ နောင် ဖြစ်လာမဲ့ မျိုးဆက်၊ သားသမီးတွေအတွက် ပြန်တွေးကြည့်လိုက်တော့ ကျနော် လုပ်နိုင်ခဲ့တာ ဘာရှိလို့တုန်း။ ကျနော် ကြိုးစားဖို့ လိုနေပါသေးတယ်။ ကျနော် အစွမ်းအစတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျနော် ပျင်းနေသည်။ တခုခု လုပ်တော့မယ်ဆို မဖြစ်နိုင်ဘူးဆိုပြီး ကျနော် တွေးတတ်နေပြီ။ တကယ့်ကို ကျနော် အသုံးမကျတဲ့ လူတယောက်လို ဖြစ်နေတော့သည်။ ကျနော် ပျင်းနေပါသည်။
ဘာပဲ ပြောပြော ကျနော် အပျင်းကြီးနေတာတွေကို ကျနော် ကိုယ့်ဘာသာကိုယ် နှစ်သိမ့်နေမိတာပါ။ ဒါမှလဲ ကျနော် ပျင်းနေတာ လူတွေသိလို့ ကျနော် ရှက်တတ်လာမှာပေါ့။ ကျနော်လိုပဲ စာဖတ်သူတွေလဲ အပျင်းကြီးနေမယ်ဆို ခု ပြင်လိုက်ကြရင် မကောင်းဘူးလားဗျာ..... တကယ်တော့ အပျင်းကြီးတယ်ဆိုတာ ရှက်စရာ အလွန်ကောင်းဆိုပဲဗျ အပျင်းကြီးသူများ အဖွဲ့ကတော့ [stextbox id="info"]အပျင်းကြီးတယ်ဆိုတာ နာမည်သာ ဆိုးတာတဲ့ လူသက်သာတယ်[/stextbox] ဆိုပဲ။ ခုတော့ ကျနော် လူမသက်သာတဲ့ အပြင် အိပ်နေလိုက်တာ နေ့၊ညတွေ လွဲလို့ အလုပ်လဲ မသွားနိုင်ပါဘူးဗျာ၊ လူက မနက်စောစော မထတော့ ခေါင်းတွေလဲ ကိုက်၊ အုံမှိုင်းပြီး အပျင်းတွေကတက်လိုက်နဲ့ တကယ့်ကိုပါပဲ ကျနော် တကယ် အပျင်းကြီးနေပါသည်။
လူသားတိုင်း လွတ်လပ်စွာ ငြင်းဆိုခွင့်၊ ပြောဆိုခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ကျနော် ဒီနေ့ အလုပ်ကိုလာဖို့ မနက်စောစော MRT လို့ခေါ်တဲ့ ရထားကို စီးရင်း လူအချို့ရဲ့ အပြုအမူတွေ အကျင့်စရိုက်တွေကို ကြည့်ပြီး တွေးနေမိပါတယ်။ လူတွေဟာ ပတ်ဝန်းကျင် အနေအထားပေါ် မူတည်ပြီး အကျင့်၊သိက္ခာတွေ ပြောင်းလဲလာရပါတယ်။ တခါတရံ သိမ့်မွေ့နူးညံတဲ့ လူတွေ တွေ့ရသလို အခါတရံတော့လဲ ရင့်သီးတဲ့ အပြောအဆိုနဲ့ ဆက်ဆံတတ်တဲ့ လူတွေကို တွေ့ရပါတယ်။ တခါတလေ အပြင်ပန်းသိမ့်မွေ့သလောက် အတွင်းစိတ်ထား ကောက်ကျစ်တတ်တဲ့ လူအချို့ကိုလဲ ရင်ဆိုင်ရပြန်ပါတယ်။
စင်ကာပူက ရထားတွဲလေးတွေမှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ အစွန်ဆုံး ၂ နေရာကိုတော့ ပုံမှန်လူတွေထက် အကြောင်းအမျိုးမျိုးကြောင့် ပိုလိုအပ်တဲ့လူတွေအတွက် နေရာပေးဖို့ သတိပေးထားတာ ရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်သည်၊ ဒုက္ခရောက်နေတဲ့ လူတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်လေးတွေ အတွက်ပေါ့.... ဒီနေရာမှာ ကွာခြားတာက လူမျိုးပါပဲ ကျနော်မြန်မာပြည်က ပေါက်ဖွားလာတဲ့ လူတွေအတွက် (ဘာသာစုံ) လူကြီး၊မိဘတွေကို ရိုသေလေးစားတတ်သလို ကလေးငယ်လေးတွေကိုလဲ ချစ်ခင်စွာ ကြင်နာတတ်ပါတယ်။ အကျဉ်းပြောရရင်တော့ မြန်မာလူမျိုးအများစုဟာ ဒီလိုနေရာမျိုးလေးမှာ တော်ရုံ ထိုင်ခဲပါတယ် တကယ်လိုအပ်တဲ့ လူတွေကို နေရာပေးလေ့ရှိပါတယ်။ စလုံးလူတွေကတော့ မသိကျိုးကျွန်ပြုပြီး ဟန်ပန်တခွဲသားနဲ့ ထိုင်နေလေ့ရှိတာ တွေ့ရပါတယ်။ ဤသို့ စလုံးနိုင်ငံသားအများစု ပြုမှုတတ်သော အပြုအမှုနေရာမှာ မြန်မာနိုင်ငံသား တယောက် လုပ်ပြနေတာမြင်ရတော့ ရင်ထဲမှာ မပြောပြတတ်သော ခံစားချက်တခု ဖြစ်နေမိသည်
အဲ့လို မြင်နေမိတာကို ကိုယ့်ဟာကိုယ် သေချာပြန်စဉ်းစားမိတော့ ကျနော်လဲ ဒီနေရာလေးမှာ နေလာတာကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ သိစိတ်၊ မသိစိတ်တွေကနေ ပြောင်းလဲခဲ့တာတွေ အတော်ကို များလာခဲ့ပါပြီ။ အရင်ရောက်ခါစကလို ရထားစီးရင်း ကိုယ်နေရာလေးတခုရရင် သူများကို နေရာပေးတတ်တဲ့ အကျင့်တွေ ရှိတတ်လာပြီ။ အပြောအဆိုတွေလဲ တဖြေးဖြေး ရင့်သီးလာခဲ့ပြီလို့ ကိုယ့်ဟာကိုယ် ထင်မိပါတယ်။ မိသားစု အသိုင်းအဝိုင်းဝေးလို့ တယောက်ထဲ နေတတ်တဲ့ အကျင့်တွေလဲ ရှိနေပြန်ပါပြီ။ ငွေရဖို့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်မဲ့ လူတွေနဲ့ စာရင်တော့ အနဲငယ် ခံသာပါသေးတယ်လို့ ဖြေတွေးတွေးမိရင်းနဲ့.....
ကျနော်တို့တွေသာ နေရာတွေ ဘယ်လောက်ပြောင်းပြောင်း သန့်ရှင်းတဲ့ စိတ်ဓါတ်၊ မြင့်မြတ်တဲ့ အကျင့်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ်ဆို ကျနော်တို့ တိုင်းပြည်အတွက် နာမည်ကောင်း ထွက်လာစေမှာပါ.... ဒါကလဲ တိုင်းပြည်ကို အကျိုးပြုနေတဲ့ နည်းလမ်းတွေထဲက တခုမဟုတ်ပါဘူးလား........
မြန်မာတွေအားလုံး မြန်မာလို နေတတ်ကြပါစေ.......
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
[stextbox id="grey"]
“ အမေ.... သားပါ... အမေ နေကောင်းလား အမေ...... ”
“...................... ”
“အင်းးးးးးး ဟုတ်တယ်...... သား ဒီလ လစာထုတ်ရင် အိမ်ပြန်မပို့နိုင်ဘူး အမေ.... အမေတို့ အဆင်ပြေနိုင်လား..... ”
“...................... ”
“......................အင်း ဟုတ်တယ်..... သား Passport လဲ သက်တမ်းတိုးရဦးမယ်.... အခွန်လဲ ဆောင်ရမယ်..... အင်းးးးးးးးးးးးးး ဟုတ်တယ်........ ”
“...................... ”
“......................သူဌေးကတော့ ကောင်းပါတယ်.... ဟို Agent က အပြောနဲ့ အလုပ် မညီဘူးအမေ.... သားကို ၅၀၀ ကျော်လေးပဲ ပေးတယ်... သား OT ရရင်တော့ တလကို ၈၀၀ လောက်တော့ ရပါတယ် စားတာလေးတွေ ပြန်နုတ်လိုက်တော့ နဲနဲတော့ စုဖြစ်ပါတယ်အမေ.... ”
“...................... ”
“......................အင်းးးးးးးးးး အားလုံးအဆင်ပြေပါတယ် အမေ.... သားအတွက် စိတ်မပူနေနဲ့..... အမေတို့သာ အဆင်ပြေအောင်နေပါ.......... ”
“...................... ”
“......................အင်းးးးးး... ဒါဆို ဒါပဲလေ အမေ.... အမေ နေကောင်းအောင် နေနော် သားနောက်တလတော့ ပိုက်ဆံ ပို့ဖြစ်အောင် ပို့လိုက်ပါမယ်..... ”
[/stextbox]
လောကမှာ ကျရာနေရာကနေ လူပီသတဲ့ လူတယောက်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူတွေ အများကြီးထဲက ကျနော် မသိတဲ့ မရင်းနှီးဖူးတဲ့ လူငယ်တယောက်ရဲ့ ပြောစကားလေးတွေပါ... ထာဝရ အမှတ်ရနေမှာပါ........
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ငယ်စဉ်က ပုံပြင်လေး တခု ဖတ်ခဲ့ဖူးတယ်။ အားလုံးလဲ သိပြီးသား ဖြစ်နေမှာပါ အကြမ်းဖျဉ်း ပြန်ပြောပြရရင် ထင်းခုတ်သမားတယောက် ထင်းခုတ်သွားရာမှ ပုဆိန်က ရေထဲ ကျသွားလို့ ငိုကြွေးရာမှာ မြစ်စောင့်နတ်ကပေါ်လာပြီး ထင်းခုတ်သမားကို ရွှေပုဆိန်၊ ငွေပုဆိန်၊ သံပုဆိန် သုံးခု ပြပြီး အသင့်ရဲ့ပုဆိန်က ဘယ်ပုဆိန်လဲဟု မေးရာ ရိုးသားသော ထင်းခုတ်သမားသည် မိမိ၏ သံပုဆိန်ကိုသာ ရွေးယူရာ မြစ်စောင့်နတ်က ရိုးသားသည့် ထင်းခုတ်သမားကို တန်ဖိုးကြီးမားတဲ့ ပုဆိန်အားလုံးကို ပေးလိုက်သည့် ပုံပြင်လေးတခု.... ဒါက ကျနော်တို့ ငယ်တုန်းက သင်ခဲ့ဖူးသည့် ကြားခဲ့ဖူးသည့် ပုံပြင်လေးတပုဒ်... ရည်ရွယ်ချက်က ရိုးသားမှု ရှိမှသာ အရာအားလုံးကို အောင်မြင်နိုင်သည်.... တကယ်ကော ရိုးသားမှုရှိရင် အောင်မြင်နိုင်ပါသလား........
ယနေ့ ခေတ်အခြေအနေအရ လူသားတိုင်းသည် ရိုးသားမှုဆိုတာ ရှိနိုင်ကြမည်မဟုတ်... တချိန်မဟုတ် တချိန် အကြောင်းတစုံတခုကြောင့် လိမ်လည် ပြောဆိုဖူးမည်သာ... ဘယ်လိုပဲ လိမ်ညာပြောဆိုနေပါစေ ရိုးသားမှုကို တွယ်ဖက်သော လူသည်သာ တချိန်တွင် အောင်မြင်မှုရဲ့ အသီးအပွင့်ကို မုချ ခံစားကြရမည်သာ ဖြစ်သည်။ ကျနော်တို့ ဒီလို ရိုးသားစွာ နေထိုင်ဖို့ အဓိက အကျဆုံးအရာက ကျနော်တို့ရဲ့ စိတ်သာ ဖြစ်သည်။ ဒီတော့ ကျနော်တို့စိတ်ကို ထိန်းချုပ်နိုင်လျှင် ရိုးသားမှု၏ နောက်က ပါလာသော အသီးအပွင့်များကို ကျနော်တို့ မြိန်ရှက်စွာ စားသောက်နိုင်ပေမည်..........
အဘယ်ကြောင့် ကျနော်တို့ စိတ်ကို ထိန်းချုပ်နိုင်ဖို့ လိုသလဲ... ရိုးသားစွာ နေထိုင်သူများအဖို့ ပထမဆုံး ရင်ဆိုင်ရသည်က စိတ်ဓါတ်ကျခြင်းပင်.... ကျနော်တို့ လောကကြီးမှာ ရိုးသားစွာနေလျှင် အရာရာ ကျရှုံးခြင်းကို ခံရလေလေဖြစ်သည်။ ဒါသည် လူသားတိုင်း (အများစု) တယောက်နဲ့ တယောက် မတရားအနိုင်လိုမှုတွေ များပြားလာနေခြင်းကြောင့် ဖြစ်နိုင်သည်.. ရိုးသားစွာ နေထိုင်သူများအဖို့အတွက် အောင်မြင်မှုဆိုတာက အချိန်တိုအတွင်း ရနိုင်မည်မဟုတ်.........
ကျနော်တို့ စိတ်ဓါတ်တွေ ကျဖူးသည်။ ဘာကြောင့် စိတ်ဓါတ်ကျသလဲ ကိုယ်ရည်မှန်းချက် မအောင်မြင်သေးလို့ စိတ်ဓါတ်ကျသည်။ ရည်မှန်းချက် (အနာဂတ်) ဆိုသည်မှာလဲ အမျိုးမျိုး ဖြစ်နိုင်သည် မိသားစုအရေးလဲ ဖြစ်နိုင်သည်။ တိုင်းပြည်အရေးလဲ ဖြစ်နိုင်သည်။ ချစ်သူသမီးရည်းစားကိစ္စကြောင့်လဲ ဖြစ်နိုင်သည်.... ဒီလို အမျိုးမျိုးတွေကြောင့် ကျနော်တို့ စိတ်ဓါတ်တွေ ကျသည်... ကျနော်တို့ ဒီလို ကျရှုံးမှုတွေအောက်က ပြန်မရုန်းတက်နိုင်လျှင် ကျနော်တို့ နေရတဲ့ ဘဝအချိန်တိုလေးအတွင်းမှာ ကျနော်တို့ ကြီးမားစွာ ကျရှုံးခြင်းသာ ဖြစ်ပေမည်.....
လူသားတိုင်းသည် သိမ်ငယ်မှု၊ ကြောက်ရွံ့စိတ် ရှိတတ်ကြသည်။ ဘယ်လောက်ပဲ ရဲစွမ်းသတ္တိရှိတဲ့ လူဖြစ်နေစေလျှင်ဥိးတော့ အကြောက်တရားကတော့ ရှိတတ်စမြဲသာ... ကျနော်တို့ မျှော်မှန်းသည့် ရည်မှန်းချက် (အနာဂတ်) မဖြစ်လာလျှင် ကျနော်တို့ ကြောက်ရွှံ့စိုးရိမ်တတ်သည် ကျနော်တို့ ဒီလို ကြောက်ရွှံ့နေလျှင်ဖြင့် ကျနော်တို့ လိုချင်သည့် ပန်းတိုင်ကို ရောက်နိုင်မည်လော.... ကျနော်တို့ သေချာစဉ်းစား ဆင်ခြင်သင့်ပေသည်... အခုခုကို မလုပ်ရသေးပဲနဲ့ ငါကတော့ မဖြစ်ပါဘူး... ငါကတော့ အဆင်မပြေပါဘူးဟူ ငြီးတွားနေလျှင်ကော ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်နိုင်မလား..... ကျနော်တို့ မစမ်းဖူးပဲနဲ့ ကျနော်တို့သိရှိနိုင်ပါ့မလား... ကျနော်တို့ ယခု လူလို လမ်းလျှောက်နိုင်ခြင်းသည် ကျနော်တို့ ငယ်စဉ်ကတည်းက စမ်းတ၀ါးဝါး အလဲလဲ နဲ့ လျှောက်ခဲ့ခြင်းကြောင့်သာ......
မိသားစုဘဝဆိုတာ ကျနော်တို့လို အဝေးရောက်နေတဲ့ လူတွေအတွက် လိုအပ်တာကတော့ အမှန်.. အိမ်အပြန် ထမင်းထုတ်လေးဝယ်၊ ၁၀ပေ သာသာ အခန်းကျဉ်းလေးထဲမှာ တယောက်ထဲ စားရတဲ့ ဘဝတွေက အများစု။ ဒါကပင် သူတို့တွေရဲ့ ဘဝအတွင်းက အစိတ်အပိုင်းလေးတခု အဖြစ်ပင် ရောက်လို့နေပြီ။ ကျနော်သည်လဲ ထိုသူများကဲ့သို့ နေခဲ့ဖူးသည့် အချိန်တွေ ရှိခဲ့သည်။ ယခု ကိုယ့်ရဲ့ သွေးသားအရင်းအချာမဟုတ်ပေမဲ့ မိသားစု ဆန်သော အသိုင်းအဝန်းတခုထဲမှာ ရောက်လို့နေသည်။ ဒါသည်ပင် ဘုရားသခင်ပေးသော ကံတရားတခုသာ... ကျနော်တို့ အားလုံး စိတ်တွေကို တခုထဲ ပေါင်းသင်းကြသည် မျှဝေကြသည်... အတူတူ ခံစားခဲ့ကြသည်..... ဒါတွေကို ကျနော်တို့ အားနာစိတ် ၊ အားငယ်စိတ် တွေးဖို့ မလိုအပ်.... ကျနော်တို့ ရင်နဲ့ ပေါင်းသင်းဆက်ဆံခဲ့သည် ကျနော်တို့ ပျော်ရွှင်ခဲ့ကြသည်..... ဒါတွေသည် ဘဝရဲ့ အစိတ်အပိုင်းတခု အဖြစ်.........
လူသားတိုင်းသည် ခံယူချက်ခြင်း မတူသလို စိတ်အခြေအနေလဲ တူကြမည်မဟုတ်။ ဒါပေမဲ့ ကျနော်တို့ လူသားသည်သာ လောကမှာ အရှုပ်ထွေးဆုံး သတ္တ၀ါ ဖြစ်လို့နေသည်။ ခံယူချက်ခြင်းမတူညီတာတွေကို ညှိယူကြသည် တယောက်နဲ့ တယောက် နားလည်မှုတွေ ယူပြီး မတူညီတာတွေ ဖြေရှင်းကြသည်။ တယောက်နဲ့တယောက် အကြင်နာ၊ မေတ္တာတွေ မျှဝေကြသည်။ ချစ်သူသမီးရည်းစား ဖြစ်ပြီဆိုလျှင် တယောက်နဲ့ တယောက် နားလည်မှုတွေနဲ့ ညှိနှိုင်းနိုင်မယ်ဆို ပျော်ရွှင်ဖွယ် ဖြစ်လာနိုင်ပေမည်.. ဒီလိုမှမဟုတ်ပဲ တယောက်နဲ့ တယောက် အမြင်တွေစောင်း မဲ့ရွှဲ့နေလျှင်တော့ ပျော်ရွှင်ဖွယ် အိမ်ထောင်တခုကို တည်ထောင်နိုင်မည် မဟုတ်ပေ.... အရာရာသည် ကိုယ်ပြုမှုသော အမှုအရာ၊ အလေ့အကျင့်ပေါ်တွင်သာ မှုတည်ပါသည်။
ကျနော်တို့ ဘာတွေ မှားနေလဲ ကျနော်တို့ ဘယ်လိုတွေ ပြင်ရင်ဖြင့် ကောင်းနိုင်သလဲ.... ကျနော်ကတော့ အရာရာ၊ တခုခုလုပ်မယ်ဆိုရင်ဖြင့် ကိုယ်ပိုင်ခံစားချက်ထက် သူများနေရာကနေ ခံစားတတ်ပါတယ်၊ ငါ့လုပ်သလို သူသာ ဒီလိုလုပ်မယ်ဆိုရင် ငါဘယ်လို ခံစားရမလဲ နှစ်ဖက်လုံးကို တွေးတောပြီး တတ်နိုင်သမျှ လုပ်ဆောင်ပါတယ်။ လူသားတိုင်း လူအချင်းချင်း သိတတ်ပြီး အတ္တတွေ ခဝါချလို့ မျှတစွာ တွေးတောတတ်ရင်ဖြင့် ကျနော်တို့နေထိုင်တဲ့ ကမ္ဘာလောကကြီးက ပျော်စရာတွေ အပြည့်နဲ့ပါ... အသင်ကော ဘယ်လို ထင်သလဲ.........
တိုက်ဆိုင်သူများသို့ တိုက်ရိုက် ရည်ရွယ်ပါသည်။ အားလုံး နားလည်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ်။
မှတ်ချက်။ ။ လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ပိုစ့်လေးရဲ့ ခေါင်းစဉ်ကိုဖတ်ပြီး စာဖတ်သူ ကျနော်ဘာတာဝန်တွေများ ထမ်းဆောင်နေရသလဲ တွေးနေပြီထင်တယ်။ တကယ်တော့ ကျနော်၏ ဘ၀ကို ကျနော်မပိုင်ပါဘူးဗျာ။ ကျနော့်ကို လူတွေက အမျိုးမျိုး ပြုမှုဆက်ဆံကြသည်။ ကျနော် ၀မ်းဗိုက်ထဲတွင် သိမ်းထားသော အရာများကို လူတွေ ယူသုံးကြသည်။ တခါတလေ လူတွေက ကျနော် ၀မ်းဗိုက်ထဲတွင် သိမ်းထားသော အရာများကို မလိုအပ်ပဲ အလေအလွှင့်ဖြစ်အောင် ယူသုံးကြပြန်သည်။ တခါတရံ ကျနော် လွန်စွာ အိပ်မော်ကြနေခိုက် ကျနော်ကို လာနှိုးပြီး အလုပ်ထလုပ်စေပြန်သည်။ ထိုသို့သောအချိန်မျိုးတွင် ကျနော်လွန်စွာမှ စိတ်ဆိုး ဒေါသဖြစ်ရပြန်ပါသည်။ ဒါပေမဲ့ ကျနော်မှာ ပြောပိုင်ခွင့်ဟူ၍ စေ့စေ့မျှမရှိခဲ့ပါဘူးဗျာ။ ကျနော်မွေးဖွားလာကတည်းက ကျနော်သည် လူတို့၏ အသုံးတော်ခံသာ ဖြစ်ပေသည် မဟုတ်ပါလော....။
ကျနော်သည် တကယ်တမ်း လူ့လောကအသိုင်းအ၀န်းထဲ ရောက်လာခဲ့သော်လဲ လူသားတိုင်းအတွက် အကျိုးပြုခြင်းတော့မဟုတ်။ ကျနော့်ကို ပိုင်ဆိုင်သော လူတွေရဲ့ စိတ်အနေအထားအရ ကျနော်လိုက်ပြီး ဆောင်ရွက်ရသည်။ ကျနော်တွင် ညီအကို မောင်နှမများစွာလဲ ရှိသည်။ ဒါပေမဲ့ ကျနော်နဲ့ သူတို့ဘ၀တွေက မတူ ကွဲပြား ခြားနားလှပေသည်။ ဒါပေမဲ့ သေချာသည်ကတော့ ကျနော်တို့ မျိုးရိုးတလျှောက်လုံး လူသားတွေ၏ ပြုမူခြင်းကိုသာ ခံခဲ့ကြပေသည်။ အဘယ်သို့ ပြုမူကြသနည်းဆိုသည်ကို အသင်စိတ်ဝင်စားနေသလော.......
လူလောက အသိုင်းအ၀န်းတွင် စကားပုံ တခုရှိသည်။ "တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး" တဲ့လေ။ ဒီတော့က ကျနော်သည်လဲ လူလောကအတွင်းရောက်ပြီဆိုကတည်းက ပတ်ဝန်းကျင်အနေအထားကို လိုက်ပြီး ပြောင်းလဲတတ်ခဲ့သည်။ ကျနော်တို့မျိုးရိုးတွင် သာသနာထွန်းကားစေဖို့လဲ တဖက်တလမ်းက ပါဝင်ခဲ့ဖူးသည်။ ကျနော်တို့ထဲတွင် သူခိုး၊ဓါးပြတို့၏ စေခိုင်းချက်များကိုလဲ လုပ်ဆောင်ခဲ့ကြရသည်။ ကျနော်တို့ထဲတွင် အရေမရ အဖတ်မရ ပေါက်တတ်ကရများလဲ လုပ်ဖူးသူများပါခဲ့သည်။ ကျနော်တို့ထဲတွင် အာဏာကို ရူးမိုက်စွာ ယစ်မှုးသူတို့၏ လှည့်ကွက်အောက်မှာလဲ လှုပ်ရှားခဲ့ရသူများ ပါဝင်ခဲ့သည်။ ကျနော်တို့ထဲတွင် သမိုင်းစဉ်ဆက် ဂုဏ်ဆောင်မှုရနေမဲ့ အဖြစ်မျိုးကို ထမ်းဆောင်ခဲ့သူတွေလဲ ပါခဲ့ဖူးပြန်သည်။
တခါတရံ ကျနော်တို့သည် လူသူအိပ်မောကျနေသည့် ညဉ့်သန်းခေါင်ချိန်များတွင် ထ၍ အလုပ်လုပ်ကြရသည်။ တခါတရံ ကျနော်တို့ အလုပ်ကို ပင်ပန်းစွာလုပ်ဆောင်ရပါက အခြေအနေမကောင်းလျှင် ကျနော်တို့၏ ဆရာက ကျနော်တို့ကို သက်ဆိုင်ရာ ဆရာဝန်ခေါ်ပြပါသည်။ တချို့သော ကျနော်၏ ဆွေမျိုးပေါက်ဖော်များသည် နေ့လည်ပိုင်းတာဝန်များကို ထမ်းဆောင်ကြရသည်။ ညဆိုလျှင်တော့ လူတွေလို အိပ်မောကျပိုင်ခွင့်ကို ပိုင်ဆိုင်နိုင်ပေသည်။ တခါတရံ ကျနော်တို့ လူလောကမှာ ရက်ရှည်နေလာသည်နှင့်အမျှ လူလောကမှ အမြန်ဆုံးထွက်ခွာချင်စိတ်များလဲ ပေါ်ပေါက်လာတတ်သည်။ သို့ပေသိ လူတို့၏ ဦးနှောက်ဥာဏ်က အတော်ကောင်းမွန်လှပေသည်။ ကျနော်တို့၏ ချို့ယွင်းချက်များကို သူတို့ မရမက ဖာထေးပြုပြင်ပြီး ကျနော်တို့ကို တဖန် ပြန်လည် အသုံးချတတ်သည်။
လူတွေသည် အချိန်တန်လျှင် အစာမစားရပဲ မနေနိုင်သလို ကျနော်တို့သည်လဲ အချိန်တန်လျှင်တော့ အာဟာရလိုအပ်ပေသည်။ ကျနော်တို့ ယင်းအာဟာရ မရလျှင် ကျနော်တို့ ဘာမှ ဆက်ပြီး မစွမ်းဆောင်နိုင်ပေ။ ဤသည်သာ ကျနော်တို့ အာဟာရ ဖြစ်ပေသည်။ ခုတလော ကျနော် နေသိပ်မကောင်းချင်ပါ။ ကျနော်၏ အစွမ်းအစများ ကျဆင်းလာသည်ကို မန်နေဂျာကလဲ သိပ်မကြိုက်ပါ။ ကျနော် အခြေအနေမကောင်းလျှင် နောက်တယောက်နဲ့ ပြောင်းပြီး အလုပ်ခိုင်းရန် အလုပ်က IT person ကိုလဲ ပြောနေသည်ကိုကြားရသည်။ ကျနော်လန့်တော့ လန့်နေမိသည်။ ကျနော် ဒီကုမ္မဏီမှာ အလုပ်လာသည်မှာ နှစ်ပေါင်းမနဲတော့ ကျနော် ဒီအလုပ်က လူတွေကို သံယောဇဉ်တွယ်မိသည်။ ကျနော် သူတို့ကို ချစ်သည်။ သူတို့နဲ့ မခွဲချင်ပေ။ သို့ကြောင့် ကျနော် တတ်နိုင်သလောက် လူတွေအတွက် ပေးဆပ်ချင်နေမိသေးသည်။ IT Person ကတော့ ပြောရှာပါသေးသည် ကျနော် အပြစ်ချည်းတော့မဟုတ် ကျနော်ဆီလာတဲ့ လမ်းကြောင်းက အရမ်းအလုပ်များနေလို့ ဖြစ်နိုင်သည်ဟု.... မှန်သည် ဤမန်နေဂျာကလဲ ကျနော်ဆီ ပို့လွတ်လိုက်သော အလုပ်များသည် နဲနဲနောနောတော့ မဟုတ်ပေ။ တခါတလေ ပင်ပန်းလျှင်တော့ နားချင်သည်။ ကျနော်ဘာလဲ အသင်သိလား သိချင်ရင် အောက်က လင့်ကိုသာ နှိပ်ပေတော့ဗျာ......

ကဲ စာဖတ်သူ ကျနော် ဘာဆိုတာ သိသွားပြီလားးးး ဒီလိုပါပဲဗျာ တခါတလေတော့လဲ ကျနော်လဲ ချောင်းဆိုးချင်တာပေါ့ အဟွတ်ဟွတ်....
မှတ်ချက်။ ။ အလုပ်ထဲမှာ ပျင်းနေတာနဲ့ ပိုစ့်ရေးဖို့ စဉ်းစားနေတာ မျက်စိရှေ့မှာ ရှိနေတဲ့ အလုပ်က Konica Minolta Printer ကြီးက တရားခံဖြစ်သွားရှာပါတယ်။ အရင်တုန်းကလဲ တခု ရေးဖူးပါတယ်။
လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့
ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ
ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…
မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ
တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.
တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..
ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး
ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
အမေနဲ့ ဖုန်းပြောဖြစ်သည်။ အမေလဲ တဦးတည်းသော သားကိုတွေ့ချင်နေပေမည်။ ကိုယ့်တိုင်းပြည်ကို ကိုယ်မပြန်ဖြစ်သည်မှာလဲ ခုဆို ၂ နှစ်ကျော်လာခဲ့ပြီ။ သူများတွေဖြင့် တနှစ်လောက်ဆို တခါပြန် နှစ်ခါပြန်နှင့် ပျော်ရွှင်ဖွယ်ဖြစ်သည်။ ကျနော်လဲ ပြန်ချင်သည် ဒါပေမဲ့ မပြန်ချင်သေးဘူးဟု ဆိုရလျှင်လဲ မှန်ပေသည်။ မပြန်ချင်သည် အကြောင်းအရာများစွာထဲတွင် ကျနော်လှည့်ပတ်နေသည်မှာ အချိန်အတိုင်းအတာတခုထိ ရှိလာခဲ့လေပြီ။ အဝေးရောက်နေသော သား၊သမီးများကိုလဲ မိဘ၊ဆွေမျိုးများက တွေ့ချင်သည်မှာအဆန်းတော့မဟုတ်လှပေ။
လက်ရှိအသက်ကို ကြည့်လိုက်တော့ လူပျိုအရွယ်ဆိုသည်ထက် ဆယ်စုနှစ်တခုကိုကျော်လွန်လာခဲ့ပြန်ပြီ။ ဘာမှ မယ်မယ်ရရအလုပ်အကိုင်မရှိ ဘယ်အရာကိုမှ ဦးဆောင်နိုင်စွမ်းလဲ ကိုယ့်ဟာကိုယ်ရှာမတွေ့သေး ဒီအတိုင်းဆို တသက်လုံး သူများလက်အောက်ခံအဖြစ်ရောက်နေပေဦးမည်။ သေချာစဉ်းစားဦးမှ ဖြစ်ပေမည်။ စလုံးရောက်တော့ လူတိုင်းက ငွေကို စုဆောင်းမိသည်ဟု ထင်မြင်နေပေမည်။ တကယ်တော့ ဒီရောက်တဲ့လူအချင်းချင်းသာ နားလည်တတ်သည်။ ဒီမှာ ဟိုနားကကုန် ဒီနားကကုန်နဲ့ ကုန်ပေါက်တွေချည်းတွေ့နေရသည်။ လကုန်ပြီး အသုံးစရိတ်တွေနုတ်ကြည့်တော့ တခါတရံ - တောင်ပြချင်သလိုလိုး) ဘာဆက်လုပ်မည်နည်း....
တောင်ပေါ်ကိုလွမ်းသည်။ တောင်ကြီးမြို့က တို့ဟူးနွေးလေးကို ကြာကွေးကြော်လေးထည့်ပြီး စားချင်သည်။ အမေချက်သည့် ငါးခေါင်းဟင်းမျိုးစားချင်သည်။ အမေ့ရဲ့လက်ရာ ငရုတ်သီးဆားထောင်းလေးလဲ စားချင်သည်။ ငရုတ်သီးဆားထောင်းလေးထဲတွင် အသားခြောက်ကြော်မွမွလေးထည့်ထောင်းတတ်သော ရန်ကုန်က အဒေါ်ဖြစ်သူရဲ့ လက်ရာလဲ တမ်းတမိပြန်သည်။ မတွေ့ရတာကြာပြီဖြစ်သော ညီ၊ညီမ၀မ်းကွဲလေးတွေ တွေ့ချင်သည်။ အမမှမွေးသော မျောက်သုံးကောင်ကိုလဲ တွေ့ချင်သည်။ ခုတော့ အလုပ်ကို အောက်တိုဘာပြန်မည်ဟု ကြိုပြောထားသည်။ အောက်တိုဘာဆို ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲရှိပေမည်။ ဒါဆို ပွဲထဲမှာ သူငယ်ချင်းတွေနဲ့ သွားကဲမည်။ အမေ့ရဲ့ ထမင်းနဲ့ဟင်းကို အားရပါးရ လက်နဲ့စားဦးမည်း)
ကိုယ့်ရွာမှာ နွေရောက်လာတော့မည်။ ကလေးတွေ ကျောင်းပိတ်တော့မည်။ ဒီအချိန်ဆို လေတံခွန်(စွန်)တွေ လွတ်နေကြတော့မည်။ လူက အသက်သာကြီးလာတယ် ငယ်တုန်းက ဆော့တာတွေ အကုန်ဆော့ချင်နေတုန်း (သူငယ်ပြန်တာတော့ မဟုတ်နိုင်).. လေတံခွန်လွတ်ချင်သည် စိတ်ကူးထားသည် မြန်မာပြည်ပြန်ပြီး ဒီပြန်လာခဲ့ရင် ရစ်ဘီးလုံးကို ယူလာမည် စွန်အတွက်ကတော့ ဆီစိမ်စက္ကူတွေယူလာမည်း) တောင်ကြီးမြို့ရဲ့ တောင်ချွန်းပေါ်တက်ပြီး စက္ကူလေယာဉ်လေးတွေ လွတ်ချင်သည်။ စ၀်စံထွန်းနားက လမ်းဘေးအသားကင်ဆိုင်လေးကို သတိရသည်။ အဲ့ဆိုင်လေးက လမ်းဘေးဆိုင်ပေမဲ့ အချဉ်ကတော်တော်လေးကောင်းသည် အာလူးကင်၊ရုံပတေသီးကင် စသည်ဖြင့် အကင်မျိုးစုံရပေသည်။ သတိရသည်။ အဒေါ်ဖြစ်သူ အင်းလေးသမ ချက်ကျွေးသော ငါးဖယ်နဲ့ ရေမုန်ညှင်းအရည်သောက်လေးလဲ သောက်ချင်ပြန်သည်။ ငါးဖယ်ဆိုလို့ ဒီစလုံးရောက်ပြီးကတည်းက ငါးဖယ်ဆိုတာ မမြင်ဖူးတာကြာပေါ့။
ဒီနေ့ နေ့လည်စာလဲ သွားနေကြအတိုင်း၊ စားနေကြအတိုင်းပေါ့ အရသာမရှိတဲ့ တရုတ်လုပ် အစားအစာသာ စားရပေဦးမည်။
ညစာလားးးးးးး ညစာကတော့.... မဆိုးပါဘူး..... မဆိုးပါဘူး ....မဆိုးပါဘူး......
လုပ်ချင်တာတွေ၊ စားချင်တာတွေ မှတ်ထားလိုက်ပြီး) တကယ်ပြန်ဖြစ်ရင် ဒီပိုစ့်ကို ပြန်ဖတ်ပြီး စာရင်းပြုစုရမည်။ Update လုပ်ရမည်း)
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား