Labels
- Blog (470)
အရင်တုန်းက
အရင်တုန်းက ပိုးသားလို ဖြူတဲ့ အမေ့လက်ပေါ်မှာ ကျနော် ကြီးပြင်းလာခဲ့တယ်... ခုတော့ ကျနော် ပိုးသားလို လိုက် မဖြူနိုင်တော့ပေ.....
အရင်တုန်းက ကျနော် သူငယ်ချင်းတွေကို တွယ်တာတတ်တယ်... ခုတော့ ကျနော် သူငယ်ချင်းတွေကို မေ့နေတတ်ပြီ........
အရင်တုန်းက ကျနော် မိသားစုကို ခင်တွယ် မြတ်နိုးတယ်... ခုတော့ ကျနော် တယောက်ထဲ နေတတ်ခဲ့ပြီ.........
အရင်တုန်းက အထိုက်အလျောက် ဖြူစင်ခဲ့ဖူးတယ်... ခုတော့ ကျနော် အစွန်းအထင်းတွေ များခဲ့ပြီ...........
အရင်တုန်းက ကျနော် ရိုးသားခဲ့ဖူးတယ်....... ခုတော့ ကျနော် လိမ်တတ်ခဲ့ပြီ............
အရင်တုန်းက ကျနော် ပွင့်လင်းစွာ ပြောဆိုဖူးခဲ့သည်...... ခုကျနော် ပါးစပ်တွေ နှုတ်ဆိတ်နေတတ်ခဲ့ပြီ……..
အရင်တုန်းက အမှားတွေ နဲခဲ့တယ်…… ခုတော့ ကျနော် အမှားများနဲ့ လူတယောက် ဖြစ်နေပြီ……..
အရင်တုန်းက အမှားသိရင် ရှောင်ခဲ့ဖူးတယ်…. ခုတော့ ကျနော် အမှားကို သိရက်နဲ့ ထပ်တိုးနေမိပြီ…..
ခုနေများ အရင်တုန်းက မိတ်ဆွေ၊ သူငယ်ချင်းတွေ များတွေ့ရင် သူတို့ ရင်ထဲက ထွက်လာမဲ့ စကားလေး တခုကို ကျနော် ကြိုခန့်မှန်းတတ်ခဲ့ပါပြီ။
သြော်…. ကျနော်သည် အရင်တုန်းက ကျနော် မဟုတ်တော့ပါ့လား……………………….
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်ရှိပါသည်။
..........
လေးစားလျက်
တောင်ပေါ်သား
မိတ်ဆွေ
သတ္တဝါ (လူ၊တိရစ္ဆာန်) လို့ ဆိုလိုက်တာနဲ့ သူတို့ ကျင်လည်နေထိုင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပြီး အကောင်း၊ အဆိုးရှိသည်။ အယဉ် အရိုင်း ရှိသည်။ ဥာဏ်ရည်မြင့်တဲ့ တိရစ္ဆာန်လိုမျိုး ရှိသလို ကျနော်တို့ လူသားတွေထဲမှာလဲ ဥာဏ်ရည်မြင့်သည့် လူတွေ ရှိသလို၊ ဥာဏ်ရည် မမြင့်တဲ့ လူသတ္တဝါ လူအန္ဓ တွေလဲ တပုံတပင် ရှိနေပေလိမ့်မည်။ အခြေခံ အကျဆုံး အချက်ကတော့ ဘယ်လောက်ပဲ ဥာဏ်ရည်၊ ဥာဏ်သွေး မြင့်မားနေပါစေ၊ နိမ့်ကျနေပါစေ ကျနော်တို့တွင် မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းကတော့ ရှိရစမြဲပင်။ ကျနော်တို့ ဘာသာတရားတိုင်းလိုလိုတွင် ရှိနေသည့် အချက်က လူလောကဆိုသည်မှာ တကယ်တော့ ခဏတာအချိန်လေး တခုအတွင်းသာ ဖြစ်သည်မဟုတ်ပါလော့။ ဤခဏတာ လူဖြစ်ရသည့်အချိန်လေးထဲမှာ ကျနော်တို့ အချင်းချင်း ချစ်ခင်ညီညွတ်စွာ နေထိုင်ကြရင်ဖြင့် ကျနော်တို့ စိတ်ကျေနပ် ပျော်ရွှင်မှုတွေနဲ့ ပျော်ရွှင်စရာ အရသာကို ခံစားရပေမည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့လျှင်လဲ စိတ်ဖြူစင် သန့်ရှင်းစွာဖြင့် ပျော်ရွှင်စွာ နှုတ်ဆက်လမ်းခွဲတတ်ဖို့က အရေးကြီးပေသည်။ တဦးနှင့် တဦး စတင် တွေ့ဆုံခင်မင်ရခြင်းသည် တနေ့ခွဲရဖို့ပင်။ ဒီအချက်သည် သေချာသော လောကနိယာမ တခုဟု ကျနော် ယူဆမိပါသည်။
ကျနော်သည် လူတယောက် ဖြစ်သည့်အလျှောက် လူတယောက်မှာ ရှိသင့်သည့် စိတ်ခံစားချက် ရှိပေသည်။ တခါတရံ ကျနော် စိတ်တိုတတ်သည်၊ ကျနော် မရင့်ကျက်သည့် အရာတွေလဲ အများအပြားပင်ဖြစ်သည်။ ဟိုငယ်စဉ်တုန်းကဆို ကျနော်တို့ သူငယ်ချင်းတွေ ကစားစဉ် အချင်းချင်း စကားနိုင်လုပြီး ရန်ဖြစ်တတ်ကြသည်။ ပြီးလျှင် ကျနော်တို့ စကားမပြောကြတော့ ဒါပေမဲ့ ဒါတွေသည် အချိန်အများကြီးမဟုတ် ကျနော်တို့ သူငယ်ချင်းတွေ စကားမပြောလျှင် အလွန်ဆုံး တပတ်ပေါ့ ပြီးလျှင် တူတူကစား ပျော်ပါးပြီး အငြိုးအတေး ကင်းကင်းနှင့် လက်တွဲတွေ မဖြုတ်ပဲ တွဲလက်တွေ ညီခဲ့ကြသည်သာ။ ထိုစဉ် ကလေးဘဝက ရန်ဖြစ်ရခြင်းအကြောင်းများက မိမိက သူများထက် သာချင်၍ ဖြစ်စေ၊ မိမိကို သူများက ပို၍ ဦးစားပေးခံချင်၍ ဖြစ်သည်က များသည်။ ဒါပေမဲ့ ကလေးဘဝက အရာရာသည် အဖြူထည် သက်သက်သာ။ ကျနော်တို့တွင် အငြိုးအတေး အာဃာတဆိုတာ မရှိခဲ့။ အရိုးခံ ဖြူစင်ခဲ့ကြသည်သာ ဖြစ်သည်။
အရွယ်ရောက်လာတော့ ကျနော်တို့ စိတ်တွေ ပြောင်းလဲတတ်ခဲ့သည်။ ပတ်ဝန်းကျင်ကို လိုက်၍ အမူအကျင့်တွေ ပြောင်းလဲတတ်ခဲ့သည်။ (ကျေးညီနောင် ပုံပြင်လိုပေါ့။) ကြီးပြင်းရာ ပတ်ဝန်းကျင်ကို လိုက်၍ ဖြူစင်ရိုးသားခဲ့သော စိတ်တို့သည် အရောင်မျိုးစုံ စွန်းထင်းခဲ့သည်။ ကျနော်တို့ စိတ်အလိုကို လိုက်ပြီး မှားယွင်းခဲ့ကြဖူးသည်။ အတွင်းစိတ် အေးချမ်းဖို့ထက် အပေါ်ယံ သာယာမှုတွေအပေါ်ကို ပိုမိုခုံမင်ခဲ့ကြသည်။ အပေါင်းအသင်းတွေ ပေါင်းစုံ ပေါင်းတတ်ခဲ့ကြသည်။ အပြုသဘောဆောင်ပြီး ကျနော်တို့ ခင်မင်ခဲ့ကြသည်။ အကြောင်းကြောင်းကြောင့် ကျနော်တို့ လမ်းခွဲခဲ့ရသော် ကျနော်တို့ ငယ်စဉ်ကလေးဘဝကလို စိတ်တွေ ဖြစ်ပေါ်လာခဲ့ရပြန်သည်။ ဒါပေမဲ့ ကျနော်တို့ မဖြူစင်ခဲ့ကြတော့ ကျနော်တို့ ရင်ထဲမှာ မဖော်ပြနိုင်တဲ့ မီးတောက်ကလေးတွေ လောင်ကျွမ်းခဲ့ရလေပြီ။ သေချာပြန်စဉ်းစားကြည့်ရင် ဆုံးရှုံးခဲ့ရသော အဖြစ်အတွက် ဘယ်လောက် ဝမ်းနည်းစရာကောင်းလိုက်ပါသလဲ။ ကျနော်တို့ ဆုံးရှုံးခြင်းသည် တခု မကခဲ့ပေ .. သူငယ်ချင်း ချစ်ခြင်းတရားများ ယုံကြည်မှုများ ပျော်ရွှင်မှုများ ကုန်လွန်ခဲ့သော အချိန်များ .. များစွာပင် ..
အသက်ရှင်နေသရွေ့ မလွဲမသွေ ဆုံတွေ့ခြင်း ကွဲကွာခြင်းပေါင်းများစွာ ဆုံတွေ့နည်း ကွဲကွာနည်းမျိုးပေါင်းစုံနှင့် မျက်နှာချင်းဆိုင် ဆုံတွေ့ရလိမ့်ဦးမည် .. ထိုအတွက် ကျနော်တို့ တုန်လှုပ်ကြမည်လား .. အေးအေးသက်သာ ကြည်ကြည်သာသာနှင့် အပြုံးများနဲ့ ပျော်ရွှင်စွာ လက်ပြနှုတ်ဆက်ကြမည်လား ..
လူသားအားလုံးသည် ပျော်ရွှင်စွာဖြင့်နဲ့ လမ်းခွဲခြင်းကို ပိုမိုမြတ်နိုးမည် မျှော်လင့်သည် .. အသင်ဆိုလျှင်ကော..........
.........
..........................
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့် ရှိသည်။
လေးစားလျက်
တောင်ပေါ်သား
ကျနော် ငပျင်း
တခါတလေတော့လဲ စဉ်းစားမိတယ်။ လူ့လောကကြီးမှာ အရာရာ ပြည့်စုံနေရင်လဲ မကောင်းဘူး၊ အရာရာ ချို့ယွင်းနေရင်းလဲ မကောင်းဘူးလို့။ ချို့တဲ့ခြင်းကို အဓိက ပြောချင်တာက လူတယောက်ရဲ့ အပြင်ပန်းထက် အတွင်းစိတ်တွေကိုပါ။ အရာရာကို ငါ တလုံးပဲ ကိုင်စွဲတော့လဲ မှန်နေတာတွေတောင် မှားနေတယ်လို့ အမြင်တွေက ရောက်သွားတတ်တာကိုး။ ချစ်ရသူက ပြောတယ် ဘုရားသခင်က ဘာလို့ ကောင်းတာတွေပဲ မပေးတာတုန်းတဲ့။ တကယ်လို့ ဆုတောင်းတိုင်းတာ ကျနော်တို့ကို ဘုရားသခင်က ပြည့်စုံအောင် ပေးနေမယ်ဆိုရင် ကျနော်တို့လို လူမိုက်တွေ ဘုရားသခင်ကိုမေ့လျှော့လို့ နေတော့မှာပေါ့။ လုံ့လ ၊ ဝီရိယ မပါပဲ ဘယ်အရာမှ မအောင်မြင်တတ်ပါဘူး။ ဘယ်အရာမဆို ပြုသူ၊ အပြုခံသူ၊ အကျိုးနဲ့အကြောင်း ရှိစမြဲပါပဲ။ ခုလို အချိန်မျိုးမှာ ကိုယ့်ဟာကိုယ် တွေးနေမိတယ်။ ဟိုအရင် ဒီရောက်တုန်းကလို စိတ်တွေလဲ တဖြည်းဖြည်းလုံးပါး ပါးလာခဲ့ပါလားလို့ပေါ့။ အရင်လို ကြိုးစားချင်စိတ်တွေ ပျောက်နေတယ်။ မနက်စောစော ထရမှာ အပျင်းကြီးနေတယ်။ တိုးတက်နေတဲ့ တိုင်းပြည်ကြီးမှာ အမီလိုက်နိုင်အောင် ကြိုးစားချင်ရင်တော့ လူတိုင်းနဲ့ တန်းတူ လိုက်လုပ်ရမှာပါပဲ။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လက်ရှိ ကမ္ဘာဖလား ဘောလုံးပွဲတွေကလဲ လာနေတော့ ည ညဆို မအိပ်ဖြစ်ဘူး။ အခုတောင် မနက်ဖြန် ခွင့်ယူထားတယ်။ ညဥ့်နက် လာမဲ့ ဘောလုံးပွဲကြည့်ဖို့ စောင့်ရင်း ပျင်းနေတာနဲ့ စိတ်ကူးထဲ ရှိတာတွေ ကျနော် ရေးနေမိတာပါ။ အဲ့လို အပျင်းကြီးနေတာပါ။ တခါတလေတော့လဲ စိတ်ကူးတိုင်း ဖြစ်တာမှ မဟုတ်တာ။ ဟုတ်တယ်မလား ဒီတော့ ဖြစ်တဲ့ အတိုင်းလေး မျောလိုက်သွားနေမိတာ ခုတော့ အပျင်းရောဂါပါ စွဲကပ်နေပါပြီ။ ဘယ်အရာမဆို လိုချင်ရင်တော့ အချိန် ဒါမှမဟုတ် တခုခုကို မဖြစ်မနေ စတေးခံရမှာပဲလေ။ ဘဝမှာ စိတ်ဓါတ်တွေ ကျခဲ့ဖူးပါတယ်။ ဒါပေမဲ့ အရာရာဟာ ကိုယ်လုပ်ရင် ဖြစ်လာမှာပဲ မဟုတ်လား ဒီတော့ ခုမဖြစ်ရင်တောင် တချိန်တော့ ဖြစ်လာမှာပဲ ဆိုတဲ့ စိတ်နဲ့ ကြိုးစားကြည့်လိုက်ရင် မဖြစ်ဘူးဆိုတာ မရှိပါဘူး။ မြန်မာစကားလေး ရှိတယ်မလား ကြိုးစားရင်း ဘုရားတောင် ဖြစ်နိုင်သေးတာပဲ။ စိတ်ကလေး နဲနဲထည့်ပြီး ကျနော်လုပ်ကြည့်ရင် ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျနော် အပျင်းကြီးနေတယ်။
လူ့လောကမှာ တယောက်ထဲ ရုန်းကန်ဖို့ဆိုတာ အတော်ကို လွယ်ကူပါတယ်။ နေစရာ ၊ စားစရာလေးနဲနဲ ရှိရင် နေတတ်မယ်ဆိုရင် တယောက်ထဲ နေလို့ရပါတယ်။ ဒါပေမဲ့ ကျနော်တို့ရဲ့ နောက်မှာ မမြင်ရတဲ့ အရာပေါင်းများစွာ လွှမ်းခြုံထားတတ်ကြပါတယ်။ အချို့က မိသားစုဘဝ၊ တချို့က အိမ်ထောင်သည် ဘဝ။ သားသမီး ရတနာတွေကို ကျနော်တို့ ဘယ်လို ပြုစုပျိုးထောင်မှာလဲ။ ကျနော် ဒီမလာခင်တုန်းက ဦးလေးက စကားလေး တခွန်းမှာလိုက်ပါတယ်။
[stextbox id="grey"]ဘဝတခုကို တည်ဆောက်တော့မယ် ဒါမှမဟုတ် ကိုယ့်ဘဝကို ကိုယ်တိုင် ကြိုးစား ဖြတ်သန်းတော့မယ်ဆိုရင် ကိုယ့်ဘဝ တခုထဲကို မကြည့်နဲ့တဲ့၊ ကိုယ့်ရဲ့ နောက်မှာ ရပ်တည်နေတဲ့၊ ဖြစ်တည်လာမဲ့ အသက်ပေါင်းများစွာ ရှိနေတယ်တဲ့။[/stextbox]
သူတို့အတွက်ဆိုပြီး ကျနော်တို့ ရည်မှန်းကြိုးစားရင် အောင်မြင်မှုဆိုတာ မကြာပါဘူး ရရှိလာမှာပါပဲ။ ခုတလော ဦးလေး စကားလေးတွေ ပြန်ကြားယောင်နေမိတယ်။ ဟုတ်တယ် ကျနော် တယောက်ထဲ ကိုယ့်ဘဝတခုထဲ ကိုယ်ကြည့်နေမယ်ဆို လိုအပ်တာတွေထက် ပိုနေတာကများနေပြီ။ ဒါပေမဲ့ နောင် ဖြစ်လာမဲ့ မျိုးဆက်၊ သားသမီးတွေအတွက် ပြန်တွေးကြည့်လိုက်တော့ ကျနော် လုပ်နိုင်ခဲ့တာ ဘာရှိလို့တုန်း။ ကျနော် ကြိုးစားဖို့ လိုနေပါသေးတယ်။ ကျနော် အစွမ်းအစတွေ ရှိနေပါသေးတယ်။ ဒါပေမဲ့ ကျနော် ပျင်းနေသည်။ တခုခု လုပ်တော့မယ်ဆို မဖြစ်နိုင်ဘူးဆိုပြီး ကျနော် တွေးတတ်နေပြီ။ တကယ့်ကို ကျနော် အသုံးမကျတဲ့ လူတယောက်လို ဖြစ်နေတော့သည်။ ကျနော် ပျင်းနေပါသည်။
ဘာပဲ ပြောပြော ကျနော် အပျင်းကြီးနေတာတွေကို ကျနော် ကိုယ့်ဘာသာကိုယ် နှစ်သိမ့်နေမိတာပါ။ ဒါမှလဲ ကျနော် ပျင်းနေတာ လူတွေသိလို့ ကျနော် ရှက်တတ်လာမှာပေါ့။ ကျနော်လိုပဲ စာဖတ်သူတွေလဲ အပျင်းကြီးနေမယ်ဆို ခု ပြင်လိုက်ကြရင် မကောင်းဘူးလားဗျာ..... တကယ်တော့ အပျင်းကြီးတယ်ဆိုတာ ရှက်စရာ အလွန်ကောင်းဆိုပဲဗျ အပျင်းကြီးသူများ အဖွဲ့ကတော့ [stextbox id="info"]အပျင်းကြီးတယ်ဆိုတာ နာမည်သာ ဆိုးတာတဲ့ လူသက်သာတယ်[/stextbox] ဆိုပဲ။ ခုတော့ ကျနော် လူမသက်သာတဲ့ အပြင် အိပ်နေလိုက်တာ နေ့၊ညတွေ လွဲလို့ အလုပ်လဲ မသွားနိုင်ပါဘူးဗျာ၊ လူက မနက်စောစော မထတော့ ခေါင်းတွေလဲ ကိုက်၊ အုံမှိုင်းပြီး အပျင်းတွေကတက်လိုက်နဲ့ တကယ့်ကိုပါပဲ ကျနော် တကယ် အပျင်းကြီးနေပါသည်။
လူသားတိုင်း လွတ်လပ်စွာ ငြင်းဆိုခွင့်၊ ပြောဆိုခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
လူ့စိတ်
ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်
တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွှဲမှားယူဆ ပြင်ရန်ခက်သည်
တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘဝ အမြန်ရောက်သည်
အရှက်မရှိ အကုန်ဖော်ထုတ်
-ွားဇာတ်ခင်းတော့ လူကြည့်များသည်
နှုတ်လျှာကြမ်းတမ်း အပြောမောက်မာ
မိဘဂုဏ်ကို ဖော်ထုတ်ပြသည်
ဟိုအရင် Blogspot မှာတုန်းက တင်ထားဖူးတဲ့ ကဗျာလေး တခုပါပဲ။ တချို့တွေလဲ ဖတ်ပြီးသား ဖြစ်နေပြီးလောက်ပါပြီ။ ခု ထပ်ထည့်ချင်တာလေး ရှိလာလို့ ထပ်ဖြည့်ကြည့်ပါတယ်။း)
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ကျနော် ကျောင်းဆရာ (၆)
လူသားတိုင်းဟာ ခံယူချက်ခြင်း မတူညီကြပါဘူး။ စိတ်ဓါတ်ကောင်းတာတွေ ရှိသလို စိတ်ဓါတ်မကောင်းတာတွေလဲ ရှိပါတယ်။ ကျနော့် အမြင်ကတော့ စိတ်ဓါတ်ကောင်း၏ မကောင်း၏ ဆိုတာကို ဘာအနေနဲ့ တိုင်းတာသလဲ စဉ်းစားကြည့်တော့ လူမျိုးနဲ့ တိုင်းတာရင် အများစုက အတော်အသင့် မှန်ကန်တာကို တွေ့ရပါတယ်။ ဒါဟာ ကျနော် တယောက်ထဲရဲ့ ခံယူချက်ပါ။ ဥပမာ စင်ကာပူလို့ နိုင်ငံမှာ နိုင်ငံပေါင်းစုံက လူတွေ အလုပ်လာလုပ်ကြပါတယ်။ အင်ဒို၊ ဘင်္ဂလား၊ ထိုင်း၊ မြန်မာ၊ အနောက်ဥရောပ စသည်ဖြင့်ပေါ့.... ဒီမှာ ကျနော်တို့ အများစုကို လူမျိုးနဲ့ တိုင်းတာကြည့်မိတော့ တော်တော်များများကလဲ မှန်ကန်တယ်လို့ ယူဆရပါတယ်။
ဥပမာ အားဖြင့် စကာင်္ပူ နိုင်ငံသား အများစုဟာ သူတို့ကိုယ် သူတို့ စင်ကာပူ နိုင်ငံသား ဖြစ်ရတာ အရမ်း ဂုဏ်ယူတတ်ပါတယ်။ စင်ကာပူ နိုင်ငံသား မဟုတ်တဲ့ လူအချင်းချင်း ဆက်ဆံရမှာ အတော့်ကို ခွဲခြားဆက်ဆံတတ်ပါတယ်။ သူတို့ဟာ သူတို့ အကုန်လုံး တတ်သိနေတယ်လို့ သူတို့ ခံယူထားကြတတ်ပါတယ်။ တကယ်တော့ တွေ့ရသလောက် လေ့လာကြည့်ရင် သူတို့ဟာ သူတို့ရဲ့နယ်ပယ်မှာ ကျွမ်းကျင်မှုတွေ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။ အားလုံးကို မပြောလိုပါ ဒါပေမဲ့ အများစုကို ပြောတာပါ။
အခြား ဥရောပ နိုင်ငံသားတွေ အနေနဲ့ကတော့ ဒီလို အာရှနိုင်ငံတခုမှာ အေးဆေး မော်ကျော့စွာ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ သူတို့ဟာ တကယ့်ကို ပြည့်စုံသူတွေ အများစုပါ။ ဆိုလိုတာက နယ်ပယ်တခုမှာ အလုပ် လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အတော့်ကို ကျွမ်းကျင်တာကို တွေ့ရပါတယ်။ အခြားလူမျိုးအများစုကတော့ သိပ်ထူးခြားနားမှုမရှိလှပါဘူး။ ဖိလစ်ပိုင်တွေကတော့ ယောကျာ်းလေးတွေက သဘောထား ရိုးသားတတ်ပြီး မိန်းကလေးတွေကတော့ မိန်းမစိတ်လေးတွေ ရှိတာ တွေ့ရပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေကော...........
မြန်မာတွေဟာ တကယ်တမ်း စိတ်ထား ဖြူစင်ပါတယ်။ ဒါပေမဲ့ အရှိကို အရှိအတိုင်း မနေတတ် ဟိတ် ဟန်လုပ်တာက ခပ်များများရယ်ပါ။ ပုံပြင်ထဲက "ဒေါင်းယောင်ဆောင်သော ကျီး" လိုပေါ့.... နေရာဒေသတွေ ပြောင်းလာလို့ အလေ့အထတွေ ပြောင်းလာတာကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုး အများစုဟာ "ဝ" မရှိပဲ "ဝိ" လုပ်ချင်သူတွေပါ။ တစိတ်ကို တအိတ်လုပ်တတ်သူတွေပါ။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက စကားပုံတွေ၊ လကာင်္တွေ အများကြီး ထားသွားခဲ့တယ်နဲ့ တူပါရဲ့။
မြန်မာပြည်ကနေ တိုင်းတပါးမှာ တကယ့်ကို ပညာတတ်စွာနဲ့ အလုပ်လာလုပ်သူတွေ တပုံကြီးပါ။ တကယ့်ကို ဂုဏ်ယူ ချီးကျူးစရာပါ။ ဟိုတလောက က ကိုဒီဂိုလာ ဆိုဒ်မှာ တင်ထားတာ ဘယ်လောက် အားကျဂုဏ်ယူစရာကောင်းသလဲ။ ကျနော်ဆိုတဲ့ ကောင်ကတော့ ဘာဆို ဘာမှ ဖြစ်မလာသေးတဲ့ လူအ တယောက်ပဲ ရှိနေပါသေးတယ်။ သူများတွေ အနှစ်နှစ် အလလ ကျက်မှတ်ပြီး ဖြေရတဲ့ ကွန်ပြူတာ စာမေးပွဲတွေ ကျနော်တို့ မြန်မာတွေ တရက် နှစ်ရက်နဲ့ ဖြေပြီး အောင်ပါတယ်။ ဒါကိုပဲ သူတို့ ဂုဏ်ယူလိုက်ကြပါသေးတယ်။ တကယ်တော့ အလွယ်လမ်း လိုက်တာပါ။ စပေါ့ မေးခွန်းတွေ ဖတ် အမေးက ဒါဆို အဖြေက ဒါ ပုံသေဇယားတခုကို ကျက်တာလောက် လွယ်တာ မရှိပါဘူး။ ဒီလို အလွယ်လိုက်ပြီး အောင်မြင်လိုက်ကျတာ Computer စာမေးပွဲတွေ ဖြစ်တဲ့ CCNA,CCNP,MCSE စသည်ဖြင့် ရကုန်လိုက်တာ လက်မှတ်တာရတယ် Account Manage လုပ်တတ်လား No ပါပဲ။ Print Server ထိုင်တတ်လား No ပါပဲ။ ဒီတော့ ဘယ်သူတွေ ဒုက္ခရောက်သလဲ တိုင်းတပါးကို လာတယ် တကယ်မတတ်ပဲ လက်မှတ်လေး ယူလာတယ် အလုပ်ရှာရခက်တယ် ဒါ ဘယ်သူ့ အပြစ်တုန်း.........
ပြီးခဲ့တဲ့ သင်္ကြန် မြန်မာပြည်မှာ ဗုံးကွဲတယ်။ သေတဲ့လူသေတယ် ဒဏ်ရာ ရသူ ရတယ်။ ဒီကိစ္စမှာ လူ ၁၀၀ မှာ ၉၉ ယောက်လောက်က ရှုံ့ချကြတာ အားလုံး အမြင်ပါပဲ။ ၁ ယောက်သော သူကတော့ သူတို့နဲ့ သက်ဆိုင်လို့ ဖြစ်မှာပေါ့။ ကိုညီလင်းဆက် ဓါတ်ပုံ တင်တယ် လူတိုင်း ကော်ပီ လုပ်တယ်။ ဒါကောင်းသော အရာမဟုတ်ပါ။ ဟိုက ဦးဦးဖျားဖျား အသက်နဲ့ ရင်းပြီး ရနိုင်တဲ့ ဓါတ်ပုံတွေကို ကိုယ်တိုင် ရိုက်လာတာ.... အားလုံးက Credit မပေးပဲ လှမ်းတင်တယ်။ သူ့အတွက် စိတ်ဆိုးစရာ ဖြစ်လာတယ် ဒါက သူ့အပိုင်း ဒီတော့ Credit ပေးပေး မပေးပေး သူ့ပုံတွေ မတင်ဖို့ သူကန့်ကွက်တယ်။ ဒါသူ့အလွန်မဟုတ်ပါဘူး ဒါဟာ သတင်းဓါတ်ပုံပါ။ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် အများပိုင် မဟုတ်ပါဘူး။
ဘ၀မှာ တဦးတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ တစုံတခု ကူညီလိုက်ရလို့ ရတဲ့ ပီတိဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး ပြီးခဲ့တဲ့ ရက်တွေမှာ ကျနော်တို့ မြန်မာပြည်သူ၊သားတွေ ရေဒုက္ခရောက်ကြရတယ်။ ရာသီဥတု ပူပြင်းလာလို့ ရေတွေ ခန်းခြောက်ပြီး သောက်စရာ၊ သုံးရာတွေ မဲ့နေကြတယ်။ ဒါတွေကို သက်ဆိုင်ရာက မကူညီပေးနိုင်တဲ့ အချိန် ကျနော်တို့ ပြည်သူတွေ အားလုံး သူတို့အတွက် မျှဝေခံစားကြတယ်။ ကိုကျော်သူ တို့ ဦးဆောင်ပြီး တာဝန်ယူတယ်၊ မြန်မာဘောလုံး ချစ်သူများ ဆိုဒ်ကလဲ တတ်နိုင်သလောက် လုပ်အားဓါန၊ ငွေအားဓါနတွေနဲ့ လုပ်ဆောင်တယ်။ အဝေးရောက် ပြည်သူတွေကလဲ ပြည်တွင်းကသူတို့အတွက် တတ်နိုင်တဲ့ ဘက်က နေပြီး ၀ိုင်းပြီး ပံ့ပိုးကြတယ်။ ဒီလို ပရဟိတ လုပ်နေတဲ့ ပုံတွေကို အင်တာနက်ကနေ ဖြန့်ပြီး ပို့လို့ ကူညီနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ကြတယ်။
ဒီလို ပရဟိတ ပုံတွေကို ရိုက်ကူးပြီး ဒါကတော့ ငါ့ဓါတ်ပုံ ငါ့စာ စသည်ဖြင့် မူပိုင်ယူတာ ကျနော် တခါမှ မကြားခဲ့ဖူးဘူး။ ဒါပေမဲ့ ကျနော် ခု လက်တွေ့ မြင်နေခဲ့ရဖူးပြီ။ အံ့သြော်လို့ကို မဆုံးဘူး။ ဒါသည် ဒုက္ခရောက်နေတဲ့ လူတွေအတွက် လုပ်ထိုက်လုပ်သင့်တာတွေ လုပ်ပေးကြတယ်။ ဒါဟာ နိုင်ငံရေးမဟုတ်ဘူး ဒါ စစ်တိုက်နေ၊ စစ်ဖြစ်နေတာမဟုတ်ဘူး ဘယ်နေရာမှာ ဘာတင်တင်ပေါ့။ အဓိက တင်တယ်ဆိုတာမှာ မူရင်း ရေးသားသူကို Credit ပေးရင် အဆင်ပြေပါတယ်။ Credit မပေးလို့ တင်ခွင့်မပြုဘူး ဒါဆို လက်ခံနိုင်တယ်။ ဒါပေမဲ့ အားလုံးရည်ရွယ်ချက်က ရှင်းတယ် ကျနော်တို့ ပြည်ကြီးက ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေ အတွက်။ ကိုယ့်ဆိုဒ်မှာ ကိုယ်တင်တယ် ကျန်တာမပေးတင်ဘူး ဘာဖြစ်လဲ လာမေး ဒါလူ့အခွင့်အရေးပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတယ်။ ဘာမှ မဖြစ်ဘူး.........
ကိုယ် ဆိုဒ်မှာ တနေ့ လူအယောက် ၁ သိန်းလာကြည့်နေလား။ ကိုယ့်ရဲ့ စာ၊ ပုံတွေကို နေရာမျိုးစုံ မီဒီယာ မျိုးစုံကနေ တင်ခွင့် ပေးလိုက်ရင်ကော ကုသိုယ်ယူမဲ့ လူတွေ ပိုမများလားနိုင်ဘူးလား မစဉ်းစားတတ်တော့ဘူးလား လူတိုင်းမှာ ဦးနှောက်ရှိပါတယ်။ ဒီလို ပရဟိတ လုပ်နေတဲ့ ပုံ၊စာတွေကို နိုင်ငံရေးဆိုဒ်ပေါ် တင်လို့ ဒါ နိုင်ငံရေး လုပ်နေတာမဟုတ်ပါဘူး နိုင်ငံတော်ကို တော်လှန်နေတာ မဟုတ်ပါဘူး သိပ်မကြောက်ပါနဲ့ သိပ်အဖြစ်မသဲပါနဲ့ သိပ်ပြီး မကျော်ဇော်ချင်ပါနဲ့..... ဒါကိုယ်ဆွေမျိုး ကိုယ်ပြည်သူတွေ အတွက် တတ်နိုင်တဲ့ ဖက်က လုပ်ပေးနေတာပါ။ ဒါကြောင့် တခါတလေ ဒီလို လူမျိုး မြင်ရတာ ဗိုလ်ချုပ် ပြောသွားဖူးတဲ့ မှတ်သားဖွယ် စကားလေး ပြန်ကြားနေမိတယ် "ကျနော်တို့ မြန်မာတွေဟာ မဟုတ်တဲ့  နေရာမှာ တလွဲ ဆံပင် ကောင်း နေကြတယ်" တဲ့လေ....
မှတ်ချက်။ ။ ကျနော် Comment နဲ့ C-Box ကိုဖွင့်ထားပေးပါတယ်။ လွတ်လပ်စွာ ပြောပိုင်ခွင့် ရှိပါသည်။ ပိုစ့်နှင့် သက်ဆိုင်သော တုံ့ပြန့်မှုသာ ရလိုပါသည်။
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ရွှေကိုမလို ရေကိုလိုသည်...
ယနေ့နံနက် စောစော မနက်ငါးနာရီခန့် အိပ်ယာမှ လူးလဲထကာ ခရီးစဉ်သို့ လိုက်ပါကြမည့် ကိုနော်နောင် နှင့် ကိုသီဟ တို့ထံ ဖုန်းအဆက်အသွယ် ရရှိပြီးသည်နှင့် ရန်ကုန်မြို့မှ သံလျင်မြို့နယ်အတွင်းရှိ ရေပြတ်လပ်နေသည်ဟု သတင်းများ ကြားထားရသော ကုလားဝဲ ကျေးရွာ၊ ညောင်လေးပင်ရွာ၊ ငါးပြေမ၊ ထော်သွန်၊ စစ်ပင်ကွင်း ကျေးရွာများသို့ အလှူခရီးစဉ်အကြို ကွင်းဆင်း လေ့လာရေး ခရီစဉ် စတင်ခဲ့သည်။
တစ်သက်နှင့်တစ်ကိုယ် တစ်ကြိမ်မှ မကြုံဖူးလောက်အောင် ရေခမ်းနေသော သောက်ရေကန်
ရန်ကုန်မြို့မှ သံလျင်တံတားမရောက်မှီ တိုင်းရင်းသားကျေးရွာဘေးမှလမ်းအတိုင်း ဒဂုံဆိပ်ကမ်းမြို့နယ်ဖက် ခရီးဆက်ခဲ့ရာ ရန်ကုန်မြစ်ကူးအပြီးတွင်ပင် လမ်းဘေးသို့ ဆင်းလိုက်ရာ ကုလားဝဲကျေးရွာ ကိုရောက်ရှိခဲ့သည်။ ကုလားဝဲ ကျေးရွာမှာ လူနေအိပ်ခြေ ၄၀၀ ခန့်ရှိသော ကျေးရွာအုပ်စုအဆင့် ရွာကြီးဖြစ်ပြီး ရေပြတ်လပ် နေသည်ဟု သတင်းကြီး နေသော ရွာလေး ဖြစ်သည်။ ကျေးရွာ ရယက ဥက္ကဌ ဦစိန်မောင်ဆင့် နှင့် တွေ့ဆုံပြီး ရေရှိမှု အနေအထားကို မေးမြန်းခဲ့ရာ လက်ရှိ အလှူရှင်များ၏ ရေအလှူဖြင့် ရပ်တည်နေကြောင်း၊ ရန်ကုန်မြို့တော် စည်/ပင် ကလည်း ရေကားတစ်စီး ပေးထားပြီး တနေ့လျင် ၄ ခေါက်ခန့် တိုက်နေကြောင်း၊ ၀မ်းပျက်ဝမ်းလျော ရောဂါများ ဖြစ်သည်အထိ မဆိုးရွားကြောင်း ၀မ်းမြောက်ဖွယ် သိရှိခဲ့ရသည်။ လမ်းတွင်လည်း ရေအလှူရှင်များနှင့် တွေ့ခဲ့ရသေးသည်။ တစ်ပိုင် တစ်နိုင် ကားလေးများပေါ် မိမိအိမ်ရှိ တိုင်ကီများ သွတ်ကန်များ တင်လာပြီး လာလှူနေသူများ ရှိသလို ရေသန့်ဗူးများ တင်လာပြီး သောက်သုံးရေ လာပေးဝေနေမှု များကိုလည်း တွေ့မြင်ခဲ့ရသည်။
ထော်သွန်ရွာလေးမှ ရေအလှူရှင်များကို စောင့်နေသူများ
စာရေးသူတို့ အနေဖြင့် ယခု ကုလားဝဲ ကျေးရွာထက် ပိုမိုအခြေအနေ ဆိုးသော ရွာများကို မတ်ဖန်အလှူရှင်များ၏ ရေအလှူအတွက် တိုက်ရိုက်လှူဒါန်း လိုသဖြင့် ခရီးဆက်ခဲ့ကြရာ ဒေသခံတို့၏ ညွန်းဆိုချက်များအရ ထော်သွန် ဆိုသော ရွာလေးသို့ လယ်ကွင်းများ အတိုင်း ကားဖြတ်မောင်းရင်း ခက်ခက် ခဲခဲ ရောက်ရှိလာခဲ့သည်။ ရွာထိပ်တွင် တံတားလေး ခံနေသဖြင့် ပေးသုံးဆယ်ခန့် သစ်သား တံတားလေးကို ကျော်လိုက်သည်နှင့် ညဥ့်အိပ်ပြီး ရေအလှူ စောင့်နေကြသူများ၊ ရေစည်လှည်းများ၊ အမျိုးသမီး အမျိုးသားနှင့် ကလေးငယ်များကို တွေ့လိုက်ရသည်။ တစ်နေကုန် စောင့်နေကြရ ခြင်းဖြစ်ကြောင်း လယ်ကွင်းများကို ဖြတ်လာရသည့် ရွာဖြစ်သဖြင့် တော်ရုံ ရေအလှူရှင်များ မရောက်လာ တတ်ကြကြောင်း ရွာထဲမှ ရွာသားများထက် ကွင်းထဲမှ လူများက ပိုမို အခက်တွေ့ကြောင်း ရှားရှား ပါးပါး ရောက်လာသော ရေအလှူရှင် ရောက်လာပြီဟု မြင်သည်နှင့် ရေပုံးဆွဲပြီး ပြေးလာသော်လည်း ကားနားအရောက် ရေကုန်နေသည်ကို တွေ့ရတတ်ကြောင်း ပြောပြခဲ့သဖြင့် မနက်ဖြန်တွင် မတ်ဖန် မိသားစုများ လှူဒါန်းထားသော ငွေဖြင့် ရေလာလှူပေးမည် ဖြစ်ကြောင်း အ၀ီဇီတွင်း တူးဖေါ်နိုင်ရန် အလှူငွေ လုံလောက်မည် ဆိုပါက ရေတွင်း တူးပေးမည် ဖြစ်ကြောင်း ပြောကြား နှင့်သိမ့်ရင်း ဒေသခံ ရေလိုအပ်နေသူများကို နုတ်ဆက်ရင်း ပြန်ခဲ့ကြသည်။ အပြန်လမ်းတွင် တွေ့ရသော ရေသန့်ဗူး အလှူရှင် ကားတစ်စီးကို တားပြီး ထော်သွန်ကျေးရွာသားများထံ သွားစေရန် မေတ္တာရပ်ခံလိုက် ကြသေးသည်။
ရေအလှူရှင် လာမလာ ကင်းစောင့်နေသော ကလေးငယ်
စာရေးသူ၏ လေ့လာ တွေ့ရှိချက်များအရ ဒေသခံများ ရင်ဆိုင်နေရသည့် အခြေအနေမှာ အ၀ီဇီရေကို အားကိုးပြီး နေသည့် ဒေသများ မဟုတ်ဘဲ ရေများကို ကန်တူးပြီး လှောင်ထားသည့် အတွက် ယခု မေလလယ်အထိ မိုးမရွာသောအခါ ကန်ရေများ ခမ်းခြောက်လာပြီး ရေပြတ်လပ်သည့် အခက်အခဲများ ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ အ၀ီဇီတွင်း တူးမည်ဆိုလျင် ပေါင် ၂၀၀ မှ ပေ ၄၀၀ အတွင်းသာ တူးလိုက်ပါက ရေလှိုင်လှိုင် ထွက်မည့် အနေအထား ဖြစ်နေပြီး၊ ကွန်ပရက်ဆာ၊ မှုတ်စက် ပိုက်တန်ဖိုး အပါ တစ်တွင်းလျင် ကျပ်ဆယ်သိန်းခန့်သာ ကုန်ကျမည့် အနေအထား ဖြစ်နေသည်။ ထို့ကြောင့်လည်း ရေတွင်းတူးပေး၇န် အစီအစဉ်ကိုသာ အာသီသ ဖြစ်နေမိသည်။
အလှူရှင်တို့ရေ ရေလိုနေပါတယ် လို့ ဆိုလိုဟန် တူပါတယ်။
ကုလားဝဲ၊ ငပြေမ၊ ညောင်လေးပင် ရွာများဖက်အပြီး သုံးခွမြို့နယ်ဖက် သွားရာလမ်းဘက်ခမ်းရှိ စစ်ပင်ကွင်းကျေးရွာဖက် ခရီးဆက်ခဲ့ပြန်သည်။ စာရေးသူ၏ ကားလေးမှာ မနေ့က မရမ်းချောင်းမှ ပြန်လာကတည်းက ဂီယာဘောက် ပျက်ချင်ချင် ဖြစ်နေသဖြင့် မနည်းထိန်းမောင်းရင်း မြေနီလမ်းလေးအတိုင်း စစ်ပင်ကွင်းရွာလမ်းသို့ ၀င်ရောက်ခဲ့ရာ လမ်းတွင် ခမ်းခြောက်နေသော ကန်များ မိုးအရွာကို စောင့်နေပုံများ ၀င်ရောက်လေ့လာ ဖြစ်ခဲ့သည်။ စစ်ပင်ကွင်းကျေးရွာ ကျောင်းတိုက်အတွင်းရှိ ရေကန်တွင် ရေခပ်နေသူများကို တွေ့သဖြင့် ကန်အခြေအနေကို ၀င်ရောက်လေ့လာမိပြန်သည်။ ကြာပန်းပင်များကြားရှိ ရေနောက်နောက်မှ ရေများကို မနက်မိုးလင်းသည်နှင့် လှည်းများဖြင့် လာရောက်ခပ်ရေခြင်းဖြစ်ကြောင်း နောက်လေးငါးရက် ဆိုလျင် ခမ်းသွားနိုင်သော အနေအထား ဖြစ်နေကြောင်း ဒေသခံ ရေခပ်သူများက ရှင်းပြကြသည်။ သြော် ဒီနေရာလေးမှာလည်း ရေတွင်းလေး တစ်တွင်းလောက် တူးပေးနိုင်ရင် ကောင်းလေစွ ဟု စာရေးသူ တွေးနေမိသည်။...
သောက်ရေရှာ ထွက်နေသူများ
အပြန်တွင် ရန်ကုန်မှ အလှူရှင်တစ်ဦးက လှူထားသော ဆယ်ဘီကားကြီးပေါ်သို့ တင်ဆောင်မည့် ရေယူနိုင်သော ရန်ကုန်မြို့ သာကေတ Capital စူပါမားကတ်ရှေ့ရှိ စည်ပင်ရေကန် ကိုလည်းကောင်း၊ ဆယ်ဘီးကားပေါ် တင်ဆောင်ရန် ငှါးထားသော တိုင်ကီအတွက်စရုံငွေ ပေးချေခြင်း ကိစ္စ၊ ရေသန့် ဗူးများ ရရှိရေးအတွက် ရွှေသံလျင် ရေသန့် ကိုယ်စားလှယ်အိမ်များ စသည်ဖြင့် လိုက်ပါတွေ့ဆုံ စီစဉ်ဖြစ်ခဲ့သည်။ မနက်ဖြန် မနက် ၆ နာရီမှ စတင်ပြီး အဆိုပါ ရေပြတ်လပ်နေသော ဒေသများသို့ ရေအလှူကိစ္စ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်သလို မတ်ဖန် မိသားစုဝင် အလှူရှင်များက ရေပြတ်လပ် သူများအတွက် ကူညီပေးရန်အတွက် ငွေလက်ခံ ရရှိမှု အခြေအနေကိုလည်း အောက်ပါအတိုင်း တင်ပြအပ်ပါသည်။
ရေတွင်းတူးပေးရန် အစီအစဉ် ရှိနေသည့် စစ်ပင်ကွင်း ဘုန်းကြီးကျောင်း
ရေခပ်နေရသည့် စစ်ပင်ကွင်း ရေကန်
ရေအလှူလာတယ်ဟေ့... မရဘဲနေမယ်ပြေးကြ...
ပြည်တွင်းမှ အလှူခံပေးနေသော အဖွဲ့ဝင်များ
(၁) ဦးဇော်လွင်ဝင်း
အခန်း - ၄၀၃, Excel Tower, ဗဟန်း၊ ရန်ကုန်မြို့။
ဖုန်း 01 559377 Ext: 6413 or 6403 or 6225
ငွေလွဲစနစ်ဖြင့် လွဲလိုသူများ
Account No. 0071220027265 (ရွှေဂုံတိုင်ကမ္ဘောဇဘဏ်)
Account Name. U ZAW LWIN WIN
(၂)နောင်နောင်=095138750(peaceboy)
(၃)ကိုသီဟ =099926417(Thiha Tun)
(၄)ကိုအောင် =200747 Ext:7812(aungmyinttun77)
ပြည်ပမှ အလှူခံပေးနေသော အဖွဲ့ဝင်များ
(၅)စင်္ကာပူနိုင်ငံအတွက် ကိုwathonelone( ကိုဝင်းထွန်းလင်း ) Ph : Bank Acc: 033 407 6544 ( DBS Saving Plus )
(၆)မလေးရှားနိုင်ငံအတွက် ကိုမင်းသူရ Ph : 60 123257475 Bank Acc: RHB Bank 112 059 013 56533
(၇)ရုရှားနိုင်ငံအတွက် ကိုကျောင်းသား Ph : 89037894871 [email]
(၈)ထိုင်းနိုင်ငံအတွက် ကို3dcr@zygunner .. [email]
(၉)တောင်ကိုရီးယားနိုင်ငံအတွက် ကိုစိုးထိုက် Ph : 010 27131184
(၁၀)တရုတ်နိုင်ငံအတွက် ကိုမင်းထွန်းထွန်းဝင်း Ph : 86-15882297927 ဘဏ်အကောင့် - 622202 4402007152733 -ICBC Bank (中国工商银行)
တို့ကို ဆက်သွယ် လှူဒါန်း နိုင်ကြပါတယ်ခင်ဗျာ
စာကြွင်း။ ။ MuTD မြန်မာဘောလုံး ချစ်သူတို့ ဆုံဆည်းရာ ဆိုဒ်မှ ကူးယူဖော်ပြပေးပါတယ်။
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ဆေးလိပ်
အရောင်အသွေး တံဆိပ်စုံလို့
ဖွာသူရင်မှာ ခိုက်စေတယ်
တဖွာရှိုက်လိုက် တကြောင်းရေးလိုက်
စာရေးဆရာ အသဲစွဲ
တရှိုက်ရှူလိုက် တငုံသောက်လိုက်
ယမကာသမားများ အကြိုက်
အဖြူရောင်နဲ့ ရွှေဝါရောင်ခံ
စီးကရက်ဆိုတာ
လူသာမာန်များ နှစ်သက်ကြသည်
တို့ဓလေ့ထုတ် အစိမ်းရောင်လိပ်
တောသူတောင်သား ကြိုက်ကြလေ၏
စာရွှက်ကိုဖြန့် ဆေးမှုန့်ကိုထည့်
ဖွာသူများလဲ တွေ့ခဲ့ဖူးသည်
အကျဉ်းကျခံ လူသားအဖို့
သည်ဆေးလိပ်သာ သူ၏အဖော်
ထမင်းစားပြီး အပျင်းလဲပြေ
ခံတွင်းရှင်းဖို့ တဖွာတရှိုက်
သူတို့သောက်သည်
ဆေးလိပ်ကိုဝယ် ရောဂါကိုပွား
မကြိုက်သူတို့ ရှုံ့မဲ့ကြသည်
ဦးနှောက်ကြည်လင် စဉ်းစားဥာဏ်တိုး
ကြိုက်သူများက ပြောကြပြန်သည်….
အငွေ့ကိုထုတ် ဟန်ရေးလုပ်လို့
ကာလသားများ လူပျိုလှည့်သည်
လက်တွေ့ဘဝ
ဖွာလိုက်ရှိုက်လိုက် ဒီပါးစပ်မှာ
အငွေ့တွေများ မီးရထားပမာ
အချိန်တွေကြာ ဒီဆေးလိပ်တိုဘဝ
အဆုံးမှာတော့ ဖင်စီခံတာ ကျန်ခဲ့တာမို့
အသုံးမ၀င် အပစ်ခံဘဝ
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
အပြုအမှု အပြောအဆို
စင်ကာပူက ရထားတွဲလေးတွေမှာ ထိုင်ခုံလေးတွေ ရှိပါတယ်။ အစွန်ဆုံး ၂ နေရာကိုတော့ ပုံမှန်လူတွေထက် အကြောင်းအမျိုးမျိုးကြောင့် ပိုလိုအပ်တဲ့လူတွေအတွက် နေရာပေးဖို့ သတိပေးထားတာ ရှိပါတယ်။ ဥပမာ ကိုယ်ဝန်ဆောင်သည်၊ ဒုက္ခရောက်နေတဲ့ လူတွေ၊ အဖိုးအဖွားတွေ၊ ကလေးငယ်လေးတွေ အတွက်ပေါ့.... ဒီနေရာမှာ ကွာခြားတာက လူမျိုးပါပဲ ကျနော်မြန်မာပြည်က ပေါက်ဖွားလာတဲ့ လူတွေအတွက် (ဘာသာစုံ) လူကြီး၊မိဘတွေကို ရိုသေလေးစားတတ်သလို ကလေးငယ်လေးတွေကိုလဲ ချစ်ခင်စွာ ကြင်နာတတ်ပါတယ်။ အကျဉ်းပြောရရင်တော့ မြန်မာလူမျိုးအများစုဟာ ဒီလိုနေရာမျိုးလေးမှာ တော်ရုံ ထိုင်ခဲပါတယ် တကယ်လိုအပ်တဲ့ လူတွေကို နေရာပေးလေ့ရှိပါတယ်။ စလုံးလူတွေကတော့ မသိကျိုးကျွန်ပြုပြီး ဟန်ပန်တခွဲသားနဲ့ ထိုင်နေလေ့ရှိတာ တွေ့ရပါတယ်။ ဤသို့ စလုံးနိုင်ငံသားအများစု ပြုမှုတတ်သော အပြုအမှုနေရာမှာ မြန်မာနိုင်ငံသား တယောက် လုပ်ပြနေတာမြင်ရတော့ ရင်ထဲမှာ မပြောပြတတ်သော ခံစားချက်တခု ဖြစ်နေမိသည်
အဲ့လို မြင်နေမိတာကို ကိုယ့်ဟာကိုယ် သေချာပြန်စဉ်းစားမိတော့ ကျနော်လဲ ဒီနေရာလေးမှာ နေလာတာကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ သိစိတ်၊ မသိစိတ်တွေကနေ ပြောင်းလဲခဲ့တာတွေ အတော်ကို များလာခဲ့ပါပြီ။ အရင်ရောက်ခါစကလို ရထားစီးရင်း ကိုယ်နေရာလေးတခုရရင် သူများကို နေရာပေးတတ်တဲ့ အကျင့်တွေ ရှိတတ်လာပြီ။ အပြောအဆိုတွေလဲ တဖြေးဖြေး ရင့်သီးလာခဲ့ပြီလို့ ကိုယ့်ဟာကိုယ် ထင်မိပါတယ်။ မိသားစု အသိုင်းအဝိုင်းဝေးလို့ တယောက်ထဲ နေတတ်တဲ့ အကျင့်တွေလဲ ရှိနေပြန်ပါပြီ။ ငွေရဖို့အတွက် ဘယ်လိုပဲ ဖြစ်ဖြစ်လုပ်မဲ့ လူတွေနဲ့ စာရင်တော့ အနဲငယ် ခံသာပါသေးတယ်လို့ ဖြေတွေးတွေးမိရင်းနဲ့.....
ကျနော်တို့တွေသာ နေရာတွေ ဘယ်လောက်ပြောင်းပြောင်း သန့်ရှင်းတဲ့ စိတ်ဓါတ်၊ မြင့်မြတ်တဲ့ အကျင့်တွေ မပျောက်ပျက်အောင် ထိန်းသိမ်းနိုင်မယ်ဆို ကျနော်တို့ တိုင်းပြည်အတွက် နာမည်ကောင်း ထွက်လာစေမှာပါ.... ဒါကလဲ တိုင်းပြည်ကို အကျိုးပြုနေတဲ့ နည်းလမ်းတွေထဲက တခုမဟုတ်ပါဘူးလား........
မြန်မာတွေအားလုံး မြန်မာလို နေတတ်ကြပါစေ.......
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
အမှန်တရား
“ အမေ.... သားပါ... အမေ နေကောင်းလား အမေ...... ”
“...................... ”
“အင်းးးးးးး ဟုတ်တယ်...... သား ဒီလ လစာထုတ်ရင် အိမ်ပြန်မပို့နိုင်ဘူး အမေ.... အမေတို့ အဆင်ပြေနိုင်လား..... ”
“...................... ”
“......................အင်း ဟုတ်တယ်..... သား Passport လဲ သက်တမ်းတိုးရဦးမယ်.... အခွန်လဲ ဆောင်ရမယ်..... အင်းးးးးးးးးးးးးး ဟုတ်တယ်........ ”
“...................... ”
“......................သူဌေးကတော့ ကောင်းပါတယ်.... ဟို Agent က အပြောနဲ့ အလုပ် မညီဘူးအမေ.... သားကို ၅၀၀ ကျော်လေးပဲ ပေးတယ်... သား OT ရရင်တော့ တလကို ၈၀၀ လောက်တော့ ရပါတယ် စားတာလေးတွေ ပြန်နုတ်လိုက်တော့ နဲနဲတော့ စုဖြစ်ပါတယ်အမေ.... ”
“...................... ”
“......................အင်းးးးးးးးးး အားလုံးအဆင်ပြေပါတယ် အမေ.... သားအတွက် စိတ်မပူနေနဲ့..... အမေတို့သာ အဆင်ပြေအောင်နေပါ.......... ”
“...................... ”
“......................အင်းးးးးး... ဒါဆို ဒါပဲလေ အမေ.... အမေ နေကောင်းအောင် နေနော် သားနောက်တလတော့ ပိုက်ဆံ ပို့ဖြစ်အောင် ပို့လိုက်ပါမယ်..... ”
[/stextbox]
လောကမှာ ကျရာနေရာကနေ လူပီသတဲ့ လူတယောက်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူတွေ အများကြီးထဲက ကျနော် မသိတဲ့ မရင်းနှီးဖူးတဲ့ လူငယ်တယောက်ရဲ့ ပြောစကားလေးတွေပါ... ထာဝရ အမှတ်ရနေမှာပါ........
လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။
လေးစားလျက်
တောင်ပေါ်သား
ကူညီကြပါစို့
ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...
ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။
ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။
""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ်
ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။"" ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ
ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်
မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
မဆုံနိုင်တဲ့
ပျက်စီးခြင်းများနဲ့ ကမ္ဘာ
ပျက်စီးခြင်းများနဲ့ ကမ္ဘာ
လူသားမဆန်တဲ့ ရိုက်ချက်တွေအောက်
အတွယ်အတာမဲ့ မျှော်လင့်ချက်တွေ ကျိုးပဲ့နေ
ကံကြမ္မာက မျက်နှာသာမပေးတော့
နူရာဝဲစွဲ ဖြစ်သလို ဘ၀တွေလဲ စုတ်ပျက်ခဲ့ရ.....
ထန်းပင်လောက်မြင့်တဲ့ ဒီရေတွေ
မိသားစုကို ဖြိုခွဲဖျက်ဆီးသွားတဲ့ လေထုတွေ
အရာရာဟာ သဘာဝတရားက ဖန်တီးထားတာတဲ့လား
ဒီသဘာဝကို ဘယ်သူတွေ ဖျက်ဆီးခဲ့လေသလဲ
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ........
အပြစ်မဲ့ ကလေးတွေရဲ့ အော်ဟစ်ငိုယိုသံတွေ
တိုက်တာကြားက လက်ချောင်းလေးတွေ
သွေးချင်းချင်းနီတဲ့ မျက်နှာ
ဒါတွေဟာ သဘာဝတရားက ဖန်တီးထားတဲ့
ရိုက်ချက်တွေတဲ့လား
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ........
ငါတို့တိုင်းပြည် တန်ခိုးကြီးလွန်း
သဘာဝဘေးလွတ်ကင်းမြဲဟု ကြွေးကြော်ခဲ့ဖူး
စာရိတ္တတွေ ချို့ယွင်းဖောက်ပြား
မကောင်းဘုရင် မင်းဆိုးစနစ်
အထိနာတာ ပြည်သူတွေချည်း
လူမျိုးမခွဲ လူသားဆန်စွာ ပြုမူနေလျှင်
အဘယ်ရန်က အန်တုနိုင်မည်နည်း
သေချာဆန်းစစ် အဖြေညှိတော့
ကျွန်ုပ်တို့သာ တရားခံ................
ကျနော်တို့ နေထိုင်တဲ့ ဒီကမ္ဘာကြီးပေါ်မှာ ဆုတ်ယုတ်မူတွေများပြားလာနေတာ နေ့စဉ်နဲ့အမျှပါပဲ။ ရေကြီး၊ ငလျင်လှုပ်၊ မီးလောင် စသည့်ဖြင့် ဒုက္ခအမျိုးမျိုးကို ကျနော်တို့ကမ္ဘာပေါ်က လူသားတွေ ခံစားနေရတာ စိတ်မကောင်းစရာပါ။ အရွယ်မရောက်သေးတဲ့ သားသမီးတွေ မိဘတွေ မရှိတော့တဲ့ဘ၀၊ အရွယ်လွန် အိုမင်းနေတဲ့ဖိုးဖွားတွေ ကာကွယ်စောင့်ရှောက်မူတွေ ပျောက်ဆုံး ပျက်သုန်းနေရပါတယ်။ ကျနော်တို့တိုင်းပြည်မှာ ဖြစ်ပွားတဲ့ နာဂစ်မုန်တိုင်းရဲ့ ရိုက်ချက်ကြောင့် အခုချိန်ထိ အရင်အတိတ်ကလို ပြန်လဲ မထူထောင်နိုင်သေးတဲ့ မိသားစုဘ၀တွေ အများကြီးပါ။ ခုလဲ ဟေတီမှာ အင်အားကြီးမားပြင်းထန်တဲ့ ငလျင်တခု (ရစ်ခ်ျတာစကေး ၇.၀)ကြောင့် လူပေါင်း ထောင်သောင်းများစွာ သေကြေခဲ့ကြရသလို ဒုက္ခရောက်နေတဲ့ မိသားစုတွေလဲ အများအပြားရှိနေပါတယ်။ ကျနော်တို့လဲ လူမျိုး၊ ဘာသာမကွဲခြားပဲ တတ်နိုင်သလောက် ကူညီပေးနိုင်မယ်ဆိုရင်ဖြင့် သူတို့လေးတွေ အနဲအများတော့ အရာရောက်နိုင်ပါတယ်
တခါတလေတော့ စဉ်းစားလို့မရအောင်ဖြစ်ရပါတယ်။ သေသင့်သေထိုက်တဲ့လူတွေက ဘာလို့မသေဘဲ ရှင်သန်နေနိုင်သလဲပေါ့......... :P
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
သံစဉ်မဲ့ တေးသွား
ကောင်းကင်ထပ်ကိုမော့ကြည့်လိုက်တော့
ညိုမှိုင်းနေတဲ့ တိမ်သားတွေနဲ့အတူ
အလင်းရောင်က ပေါ်လိုက်ပျောက်လိုက်
အရာရာတည်မြဲမူမရှိ ဘ၀ရဲ့ နမိတ်ပြကောင်းကင်တွေလား...
စိတ်အစဉ်ကိုလွှင့်လို့ ဒီပင်လယ်ထဲ
လှော်တက်၊ ရွက်မပါပဲ ငါ မျောလွှင့်ခဲ့ဖူးတယ်
အချိန်တန်တော့လဲ ဘာမှမပါ ငါ့အတွက်တော့
လက်ပန်းကျ မောဟိုက်ခဲ့ရတာပါပဲ.....
မမျှော်လင့် မကြားချင်တဲ့ စကားလုံးတွေ
သံရည်ပူတွေအလား ငါ့နားထဲ တိုးဝင်ရောက်လာတယ်
ပိုင်ဆိုင်မူကို မမက်မောခဲ့ပေမဲ့
ဆုံးရှုံးသွားမှာကို ငါကြောက်ရွံ့နေဆဲပါလေ........
အခြေမခိုင် နှလုံးသားအတွက်
အရာရာကို တောင်းဆိုခွင့်မလုပ်ချင်ပါဘူး
ဝေးနေပေမဲ့ နှလုံးသားဆီက ရိုက်ခတ်လာမဲ့
သံစဉ်မဲ့ တေးသွားတပုဒ်
မင်းကြားနေရဆဲဖြစ်မှာပါ ချစ်သူ..........
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
အပေါ်ယံ
အပေါ်ယံတွေနဲ့ ငါမဟန်ဆောင်ချင်ပါဘူး
ပျော်ရွှင်မူမဲ့တဲ့ နှလုံးတစုံလဲ ငါမမက်မောဘူး
နာကျင်မူတွေ ခံစားရမှန်းသိပေမဲ့
နင်လိုရာ နင်ပျံသန်းနိုင်ပါတယ်
ငါဟာ နင့်ကို တားခွင့်ရှိသူတယောက် မဟုတ်ပါလေ.....
မာယာတွေနဲ့ ရစ်မူးနေတဲ့
ပွက်လောရိုက် ဆူညံသံတွေကြား
မလုံတလုံအ၀တ်တွေနဲ့ အရောင်စုံမီးလုံးတွေအောက်
ပျော်မြူးနေကြတာ ဒါဟာ ဘ၀ပေးအခြေအနေတဲ့လား
ဒါမှမဟုတ် အပေါ်ယံပဲလား.........
ဘီယာတခွက်ကို အဖော်ပြု
လက်ကြားက စီးကရက်လေးထည့်လို့
ရစ်မူးတဲ့ အကြည့်တွေနဲ့
ရမ္မက်ရှိုက်တဲ့ မျက်လုံးတွေနဲ့
ဒီလောက လူတွေကြားမှာ ဒါတွေဟာ အပေါ်ယံတွေတဲ့လား.......
သာယာတဲ့တေးသွား
အေးမြတဲ့ တရားသံတွေ
ကြည်လင်စူးရှတဲ့ မိဘအကြည့်တွေ
ငါတို့တွေမေ့လို့ ပျော်ပါးနေခဲ့ကြတာ
ငါတို့လဲ ဒီလူသားပေမို့ ဒါတွေဟာ အပေါ်ယံတွေတဲ့လား.........
သတိ။ ။ဘာရယ်မဟုတ် စိတ်ထဲရှိတာ ရေးခြင်းသာ ဖြစ်ပါသည်။
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
စိတ်ကူးများနဲ့ ကျနော်
ကျနော်ယုံကြည်တာက လောကမှာလူရယ်လို ဖြစ်လာရင် မရှိမဖြစ်လိုအပ်တာတခု မိသားစုပါ။ မိသားစုလို ပြောလိုက်ရင် မိဘ၊မောင်နှမတွေနဲ့ သာယာဖွယ် ကောင်းတဲ့ မိသားစုလဲဖြစ်နိုင်သလို မိမိချစ်သူ၊အိမ်ထောင်ဖက်နဲ့ အတူတကွ ပေါင်းစပ်ထားတဲ့ ကြည်နူးဖွယ်အိမ်ထောင်လေးတခုလဲ ဖြစ်နိုင်ပါတယ်။ လူတိုင်းဟာ တယောက်ထဲ နေရတာကို ငြီးငွေ့တတ်သလို တကယ့်အပြင်မှာလဲ တယောက်ထဲနေရသူအဖို့ အရာတော်တော်များများဟာ မပြည့်မစုံဖြစ်တတ်နေပြန်ပါတယ်။ ဒီလိုမျိုး မိသားစုဘ၀တခုကို ထူထောင်ဖို့အခြေခံလိုအပ်ချက်တွေလဲ အများအပြားရှိနေတတ်ပြန်ပါတယ်။ ပထမဆုံးမရှိမဖြစ်လိုအပ်တာက ငွေကြေးပါ။ ငွေကြေးမရှိပဲ ပြည့်စုံတဲ့ မိသားစုဘ၀တခုကို တည်ထောင်ဖို့ဆိုတာ အလွန်ကိုခဲယဉ်းလှပါတယ်။ ဒါကြောင့်ပဲ လူဆိုတဲ့သတ္တ၀ါတွေဟာ ငွေကြေးနောက်လိုက်နေကြတာလို့မြင်မိပါတယ်။ ငွေကြေးနောက်လိုက်ရင်း အစွဲတွေ ပါလာရသလို ငါချမ်းသာဖို့ဆိုတဲ့ အတ္တတွေပါလာခဲ့တော့ အာဏာရူး၊ သူဌေးရူးတွေ ဖြစ်တဲ့လူက ဖြစ်၊ လောကဒါဏ်ရဲ့ ရိုက်ချက်တွေကို မခံနိုင်ပဲ တိမ်မြုပ်ပျောက်ကွယ်သွားတဲ့ လူတွေကလဲ အများသား........
ကျနော်လား...... ကျနော်လဲ လူသားဖြစ်တဲ့အလျောက် ငွေမက်ပါတယ်။ ငွေမရှိရင် လောကမှာ ဖြစ်ချင်တိုင်း မဖြစ်ဘူးမလား ဒီတော့ ကျနော်လဲ ငွေကို ခုံမင်ပါတယ်။ ရှေ့ဆက်ရမဲ့ လှေကားထစ်တွေက အများသား ဒီလှေကားထစ်တွေကို အောင်မြင်စွာနဲ့ ကျနော် ကြိုးစားပြီး ကျော်ဖြတ်ချင်ပါတယ်။ တခါတရံမှာ ဒီလှေကားထစ်တွေကနေ ချော်လဲပြီး အပေါ်ကို မတက်နိုင်ပဲ အောက်အထစ်ကို ရောက်သွားခဲ့တာလဲ အကြိမ်ကြိမ်အခါခါ.. ဒါပေမဲ့ ကျနော်စိတ်မပျက်မိပါဘူး.. ကျနော်ဘ၀အတွက် ကျနော်ချစ်တဲ့ လူတွေအတွက် ကျနော်ဆက်ပြီး တက်နိုင်သလောက် တက်သွားချင်နေတုန်းပါပဲ။ တကယ်၍များ နောင် ၅ နှစ်အတွင်း ကျနော်ရည်မှန်းထားတဲ့ အချက်တွေပြည့်စုံတဲ့ တချိန်ကြရင်တော့ ကျနော် လုပ်ချင်တာလေးတွေ လုပ်ပါဦးမယ် အကယ်၍များ ဖြစ်လာမယ်ဆိုရင်ပေါ့.....
ကျနော်ဟာ ကျနော့်မွေးရပ်မြေကို အရမ်းချစ်တတ်ပါတယ်။ ဘာကြောင့်ချစ်လဲ လာမမေးနဲ့ ကျနော်မဖြေတတ်ပါဘူး။ သာယာတဲ့ ရှုခင်းကြောင့်လား.... မွေးဖွားကြီးပြင်းခဲ့လို့လား.... မိသားစုလေးကျန်ခဲ့လို့လား.... ဒါတွေ ကျနော်မဖြေတတ်ပါဘူး။ ဒါပေမဲ့ ကျနော်သိတာ ကျနော်မွေးရပ်မြေကို ကျနော်ချစ်တယ် ကျနော်ကြောင့် အားလုံးအတွက် တခုခုကို ကျန်ခဲ့စေချင်တယ်။ တခုခုကို ဖြစ်မြောက်သွားချင်တယ်။ ပထမဆုံး ကျနော့်စိတ်ကူးလေးက ကျနော့်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးတခုကို တည်ထောင်ချင်ပါတယ်။ ကွန်ပြူတာအလုံးရေ ၂၀လောက်နဲ့ အင်တာနက်ဆိုင်လေး တည်ဆောက်မယ် ပြီးရင် အပေါ်ထပ်မှာ ကျနော်နားလည်တတ်ကျွမ်းထားသလောက်လေး သင်တန်းလေးတွေ ပြန်ဖွင့်ချင်ပါတယ်.... ကျနော်ပြန်ရောက်ပြီး ဆိုင်ဖွင့်တဲ့ အချိန်ဆို အင်တာနက်လိုင်းတွေလဲ ကောင်းလောက်ပါပြီ :P ။
ကျနော် ဒီကိုမလာခင် အရင်ထဲက ဒီလိုစိတ်ကူးလေးတွေနဲ့ ရူးခဲ့ဖူးပါတယ်။ ကျနော်တို့ သူငယ်ချင်းတွေ (ဏီကင်း)အပါအ၀င် ကျနော်တို့ ကွန်ပြူတာလိုက်ပြင်တဲ့လုပ်ငန်းလေးလုပ်ဖို့ စိတ်ကူးခဲ့ဖူးပါတယ်။ CNS (Complete Network Service) ဆိုတဲ့နာမည်တောင် ကျနော်တို့ ပေးခဲ့ကြပြီး လိပ်စာကတ်တွေ လုပ်လို့ အစီအစဉ်ဆွဲခဲ့ဖူးပါတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် ကျနော်တို့လုပ်ငန်းမစခင်မှာပဲ ကျနော်တို့တတွေ တယောက်ပြီးတယောက် နိုင်ငံရပ်ခြားကို ထွက်လာဖြစ်ပါတယ်။ ကံကြမ္မာပေါ့ အားလုံး ဒီမှာပြန်ဆုံတွေ့ရလိမ့်မယ်လို့ ကျနော်တခါမှ မတွေးထင်ထားခဲ့ဖူးပါဘူး။ တကယ်လို့ ကျနော်မွေးရပ်မြေမှာ အင်တာနက်ဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ဖြစ်ပြီး ကျနော့်ဒီလုပ်ငန်းလေးကို တယောက်ယောက်ကို လက်လွှဲနိုင်ပြီးဆိုရင်တော့ ကျနော် နိုင်ငံခြားတု
ိင်းပြည်တခုခုကို ကျနော် ပြန်ထွက်ချင်ပါတယ်။ (လက်ရှိ ကျနော်စိတ်ကူးက ကျနော် အမိမြေကို မအောင်မြင်ပဲ မပြန်သေးပါဘူး။ ကျနော် တခြားတိုင်းပြည်တွေကို သွားပြီး အလုပ်တွေ လုပ်ချင်ပါသေးတယ် လမ်းကြောင်းရှိသူများ ဆက်သွယ်ပါ :P)
နောက်တခုက အိမ်ထောင်ရေးပါ။ အမှန်ပြောရရင်တော့ ကျနော်လက်ရှိ အိမ်ထောင်ရေးကို စိတ်မ၀င်စားသေးပါဘူး။ လက်ရှိအချိန်မှာ ကျနော်ရဲ့မိသားစုသာ ကျနော့်ဘ၀မှာ အရေးကြီးဆုံးပါပဲ။ အဓိက ကျနော်ရဲ့ အမေပေါ့.. ကျနော့်အမေကို ကျနော် မသေခင်ထိ တတ်နိုင်သလောက် ပြုစုချင်ပါသေးတယ်။ အိမ်ထောင်ကျသွားပြီဆိုရင် ဘာမှပြောလို့ရတာမဟုတ်ပါဘူး မိဘကို ဒီလိုထောက်ပံ့နိုင်ရင်လဲ ထောက်ပံ့နိုင်မယ် ဒါမှမဟုတ် ကိုယ်တည်ထောင်တဲ့ မိသားစုလေးကို ပိုပြီးခင်တွယ်လို့ တဖက်မှာ လစ်ဟင်းသွားတာလဲ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ဒီတော့ ကျနော့်အမေကို စိတ်ကျေနပ်လောက်ထိ မပြုစုနိုင်သေးတရွှေ့ ကျနော် အိမ်ထောင်ပြုဖို့ကို မစဉ်းစားသေးပါဘူး..... တချိန်မှာ ကျနော်လက်ထပ်ရမဲ့သူအတွက် ကျနော်ဖက်က ပြည့်စုံစေချင်ပါတယ်။ ကျနော်လက်ထပ်ရမဲ့သူအတွက် အရာရာ လိုလေတယ်မရှိ ကျနော် ဖြည့်ဆည်းပေးချင်မိပါတယ်။
အချစ်ဆိုတာ ဆန်းကြယ် နက်နဲလှပါတယ်။ ဘယ်လောက်ပဲ သံယောဇဉ်တွေရှိရှိ တချိန်မှာအကြောင်းကြောင်းကြောင့် ဝေးခဲ့ရတာတွေလဲ ရှိပါတယ်။ စိုင်းထီးဆိုင် သီချင်းလေးအတိုင်း "ချစ်တိုင်းလဲမညား" ဆိုသလိုပေါ့ လူတိုင်းဟာ ချစ်တိုင်းသာ ညားတိုင်းဆိုရင် ဒီကမ္ဘာပေါ်မှာ ဒဿဂီရိတို့၊ ဗီလိန်ဆိုတဲ့ စကာလုံးတွေ ပေါ်ပေါက်လာမှာမဟုတ်ပါဘူး။ ကျနော်ကတော့ တချိန်မှာ ကျနော်လက်ထပ်ရမဲ့ သူနဲ့ ချစ်ရတဲ့လူ တထပ်ထဲ ဖြစ်စေချင်ပါတယ်။ လက်ရှိအချိန်မှာ ဟိုအရင်ကျောင်းသားဘ၀လို ရူးမိုက်တတ်တဲ့ အချစ်တွေ မရှိတော့တာတော့အမှန်လို့ ထင်တာပဲ။ အရာရာကို ဖြစ်သင့် မဖြစ်သင့်ဆိုတာတွေးတောတတ်နေပြီလို့ ကိုယ့်ဟာကိုယ်တော့ ထင်မြင်မိတာပါပဲ။ နေ့မြင်ညပျောက်ဆိုသလို ကျနော်တို့ရဲ့ မနက်ဖြန်ကို ဘုရားသခင်မှ လွဲပြီး ဘယ်သူမှာ ကြိုတင်မသိရှိနိုင်ပါဘူး ဒီတော့ မလာသေးတဲ့ နေ့ရက်တွေကို ကြိုတွေးပြီး မပင်ပန်းချင်တော့ပါဘူး။ နေခွင့်ရတဲ့ ရက်လေးတွေမှာ ကိုယ့်ချစ်တဲ့ လူတွေအားလုံးအတွက် တတ်နိုင်သလောက် အပျော်တွေ မျှဝေချင်ပါတယ်။
ဒါကတော့ တီဝါ ရဲ့ Tag ပိုစ့်လေးပါပဲ။ ရေးမလို့စဉ်းစားနေတာ ကြာပါပြီ စလုံးရောက် ဘလော့ဂါတွေ တွေ့လိုက် ကဲလိုက်ဖြစ်နေတာမို့ စာမရေးဖြစ်တာပါ။ တောင်းပန်ပါတယ် တီဝါ ရေ.... ပိုစ့်ခေါင်းစဉ်ကို ဘာပေးရမှန်းမသိလို့ ဒီလိုပဲ ပေးလိုက်တယ် အဟီးး
နောက်ဆုံးပိတ် အနှစ်ချုပ်ကို ပြန်ယူရသော်
၁.ဘာအလုပ်လုပ်ဖို့ ရည်ရွယ်ထားပါသလဲ.
လုပ်ငန်းအတွက် မွေးရပ်မြေမှာ ကွန်ပြူတာဆိုင်လေးနဲ့ Training သင်တန်းကျောင်းလေး ဖွင့်ချင်တယ်
၂.မိမိရဲ့စိတ်ကူးထဲက အိမ်ထောင်ဖက် (သို့)စိတ်ကူးထဲက အိမ်ထောင်ရေး
အိမ်ထောင်ပြုဖို့ကို စိတ်မ၀င်စားသေးပါ။ (ချစ်သူနဲ့အိမ်ထောင်ဖက်ကို တယောက်ထဲ ဖြစ်စေချင်ပါတယ်).......
ဆက်ပြီး မ Tag တော့ပါဘူး။ :)
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
နှစ်ကူးမင်္ဂလာ
HAPPY NEW YEAR
ဘာလိုလိုနဲ့ နှစ်တနှစ်ကို ကူးတော့မယ်။ ဒီနေ့ညပြီးရင် ၂၀၁၀ ဆိုတာကြီးက ၀င်ရောက်လာတော့မယ်.. လူကလဲ အသက်တွေ တနှစ်ပြီး တနှစ် ကြီးလာ.... ဘာမှမသေချာ မရေရာသေးတဲ့ ဘ၀ကို ဒီအတိုင်းဖြတ်သန်းစီးဆင်းတုန်း ဒီပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်တခုလုံးကို မိမိတွေ့မိသလောက် ပြန်သုံးတတ်ကြည့်မိပြန်သည်။ ဘာမှတိုးတက်မှုမရှိတာကတော့ စိတ်ပျက်စရာ... စလုံးကိုရောက်လာတာ ၂ နှစ်ကျော်လာပြီ ဘာတိုးတက်လာသလဲဆိုတော့ ဘာမှ တိုးတက်မူမရှိလို့ ကိုယ့်ဟာကို တွေးမိသည်။ မိသားစုအတွက် ပြန်ကြည့်လျှင်လဲ ဘာမှ သေချာရေရာစွာ ပံ့ပိုးနိုင်မှုမရှိသေး..
ကမ္ဘာ့စီးပွားရေးပျက်ကွက်မှုတွေက တနည်းမဟုတ် တနည်းလူကို ထိခိုက်စေသည်တော့အမှန်။ ဤကိစ္စကြောင့် လူလဲ ရသင့်သလောက်အခွင့်အရေးတွေ မရခဲ့။ အလုပ်လဲ လုပ်စရာမရှိ ထိုင်နေသည်ကများခဲ့သည်။ ကံကောင်း၍ အလုပ်မပြုတ်သေးပဲ ဒီကျွန်းသေးလေးပေါ်မှာ ဆက်လက်သောင်တင်နေတုန်းပင်ဖြစ်သည်။ တခါတလေတော့ ဒီကျွန်းက အမြန်ထွက်ပြေးချင်စိတ်တွေ ရှိခဲ့သည်။ ဘာပဲပြောပြောအလုပ်မှာ နေသားကျလာတော့ အားလုံးနဲ့ သံဟဇာတဖြစ်လာသည်ကားတော့ အမှန်...
သူငယ်ချင်းအသိုင်းအ၀ိုင်းကတော့ အရင်လိုဘာမှမထူးခြားခဲ့။ ဒီနှစ်အတွင်း သူငယ်ချင်းတွေ အသစ်ပိုရလာသည်။ ခုမှ သိကြပေမဲ့ တကယ့် သူငယ်ချင်းကောင်းတွေလို စိတ်ထဲကတော့ ခင်မင်မိတာအမှန်။ စိတ်ထဲမှာ မွန်းကျပ်မှုတွေများတိုင်း သူငယ်ချင်းတွေဆီက အားပေးစကားကြရသည်။ မိသားစုကိုလွမ်းတိုင်း သူတို့ဆီက ဖြေသိမ့်ပေးမူတွေ ရတတ်သည်။ ဘလော့ဆိုတာပေါ်မှာ တွေ့ခဲ့ရသည်ထက်ပိုမိုပြီး ခင်တွယ်မူတွေရခဲ့သည်။
ဘာမှအရေမရ အဖတ်မရ စာတွေကိုဆက်ရေးသားနေမိသေးသည်။ ကိုယ့်ဟာကို ဘယ်တော့မှ ဘလော့ဂါတယောက်အဖြစ်သို့ခံယူမိသည်ဟု မစဉ်းစား။ မိမိဘာသာရေးသားချင်တာ ရေးသားမိသည်။ ဘာကိုမှမရည်ရွယ် စိတ်ထဲက ရေးသားချင်တာတွေ ရေးသည်။ ဒီတနှစ်ထဲတွင် အရေးအသားကောင်းသော ဘလော့ဂါတွေလဲ များလာသည်။ ၀မ်းသာမိသည်။ ပျော်ရွှင်စရာကောင်းသော ဒီခင်မင်ဖွယ် အသိုင်းအ၀ိုင်းထဲတွင် အသစ်ဝင်လာသူတွေ ရှိသလို မသိမသာ တိမ်မြုပ် ပျောက်ကွယ်သွားပြန်သည်။ ဘ၀ဆိုတာ ဒါပင်ဖြစ်မည် ဘယ်အရာမှ မတည်မြဲသလို ဘလော့လောကသည်လဲ တည်မြဲမှုမရှိခဲ့ပေ..
ဒီတနှစ်အတွင်း ရီမောဖွယ်ဘလော့လောကတွင် ဂရိုက် ရိုက်မှုများလဲ ရှိလှပေသည်။ ဘလော့ဂါဆိုသည်မှာ ပရိသတ်အတွက် အလေးထားရေးသားရမည်။ ပေါ့ပျက်ပျက်မလုပ်သင့်၊ ကိုယ်လုံးဖော်အပြုအမူတွေ၊ ဝေဖန်ရေးစာရေးဆရာတွေလဲ များစွာပေါ်ပေါက်လာခဲ့သည်။ အမှားတခုကို အမှားမှန်းသိပေမဲ့ စကားလုံးများကို -င်ပိတ်ငြင်းတတ်သော ဘလော့ဂါတွေလဲ ရှိခဲ့သည်။ ချွဲနွဲ့ပြောတတ်သော ဘလော့ဂါတချို့ကိုလဲတွေ့ရပြန်သည်။ အားလုံးသည် မိမိပျော်ရွှင်မူအတိုင်းသာ ဖြစ်ပေသည်။ မိမိရေးသားချင်သလိုသာ ရေးသားကြခြင်းသာ.. ကျနော်သည်လဲ ဒီအတိုင်းဆက်သွားနေဦးမည်သာဖြစ်ပါသည်။
၂၀၁၀ သည်ကျနော်တို့တိုင်းပြည်အတွက် သာယာပျော်ရွှင်မူတွေ ပေးနိုင်မည်လား၊ ဘာတွေ ဆက်ဖြစ်လာမည်လားတော့ သေချာမသိ။ မျှတသော ရွေးချယ်မူတွေနဲ့ ခေတ်မီတိုးတက်သော သာယာသော တိုင်းပြည်တခုကို ပြန်လည်တည်ဆောက်မည်ဆိုသော အယူအဆကိုတော့ လက်ခံပါသည်။ လက်တွေ့နဲ့ စိတ်ကူးကို တပုံစံထဲအကောင်အထည် ပေါ်စေချင်သည်။ တိုးတက်နေသော အခြားနိုင်ငံတွေလို ကိုယ့်တိုင်းပြည်ကိုလဲ တိုးတက်ချင်သည်။ ဒါသည် တိုင်းပြည်ကို ချစ်သည်လားဟု လာမေးလျှင်တော့ မဖြေတတ်။ ချစ်သည် မချစ်သည်ထက် တိုင်းပြည်တွင်းက ပြည်သူတွေကို ရသင့်တဲ့ အခွင့်အရေးတွေ ရစေချင်ပါသည်။
ကျနော်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်း၊ ဘလော့ဂါ ညီအကိုမောင်နှမတွေအားလုံး လာတော့မဲ့ ၂၀၁၀တွင် ပျော်ရွှင်မှုတွေနဲ့ ပြည့်စုံပါစေ။ လိုအင
်ဆန္ဒတွေပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ ၂၀၁၀မှာ ကျနော်လဲ ၂၀၀၉ကထက်မက ကြိုးစားမူတွေ ဆက်လက် လုပ်ဆောင်ချင်ပါသေးတယ်။ အားလုံးလဲ အဆင်ပြေ ပျော်ရွှင်ကြပါစေ
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
ကလေးဘဝ အမှတ်တရလေးများ
ကိုအိမ် က ငယ်စဉ်ကလေးဘ၀ဆိုတာကို ရေးခိုင်းပါတယ်။ ကျနော်ရဲ့ ကလေးဘ၀မှာ ထွေထွေထူးထူး ထူးထူးဆန်းဆန်းရယ်လို့တော့ သေချာမရှိခဲ့ဖူးပါဘူး။ ဒါပေမဲ့ အမှတ်တရတခုခုဖြစ်စေ ကျနော်ကြိုက်နှစ်သက်တဲ့ ကစားနည်းတွေဆိုရင်တော့ ခုချိန်ထိ စိတ်ထဲက စွဲလန်းတတ်တဲ့ အကျင့်တခုရှိပါတယ်။ ကျနော်တို့ မိသားစုမှာ မောင်နှမဆိုလို့ ကျနော်နဲ့ ကျနော်အမ နှစ်ယောက်ထဲ ရှိတာပါ။ ဒီအတွက် အမေက ငယ်စဉ်ကတည်းက မိန်းကလေးဖြစ်တဲ့ အမကို အစစအရာရာ ပိုအလိုလိုက်ခဲ့မယ်ထင်ပါတယ်။ ကျနော်ဦးလေးတွေကလဲ ကျနော့်အမကို ကျနော့်ထက်ပိုပြီး ဂရုစိုက်အချစ်ပိုခဲ့ပါတယ်။ ဒါပေမဲ့ ကျနော်တို့မိသားစုမှာ မိန်းကလေးအဒေါ်တွေက ပိုများပါတယ်။ အဒေါ်တွေအားလုံးက ကျနော့်ကို အသဲပေါက်မတတ်ချစ်ကြပါတယ်...း)
ကျနော်တို့ အမေမိသားစုမှာ မောင်နှမတော်တော်များပါတယ်။ အားလုံးပေါင်း (၁၃)ယောက်လောက်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ တောင်ကြီးမှာ နေထိုင်တဲ့ အမျိုးတွေက ပိုများပါတယ်။ ပြီးတော့ကျနော်တယောက်သာ ယောကျာ်းလေးလဲဖြစ်တယ်။ တူတူနေလဲ နေကြတဲ့ အတွက် ကျနော့်ကို အရမ်းအချစ်ပိုကြပါတယ်။ ကျနော်က အဒေါ်တွေဆီ မပူဆာလိုက်နဲ့ သူတို့က ရအောင်လုပ်ပေးတတ်ပါတယ်။ ဒီတော့ ကလေးဘ၀မှာ ပျော်ရွှင်ခဲ့ရပါတယ်။ တရက်ကို အဒေါ် နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်း နောက်ရက်ကျရင် နောက်အဒေါ်နှစ်ယောက်ဆီမှာ မုန့်ဖိုးတောင်းနဲ့ တပတ်ကို အဒေါ်တွေဆီ တောင်းလိုက်တာနဲ့ အဆင်ပြေနေပါကောပဲး) ခုတော့ တချို့အဒေါ်တွေလဲ အိမ်ထောင်ကျကုန်တော့ ကလေးတွေရကုန်ပြီ ကျနော်လဲ အဝေးရောက်နေတော့ အချစ်တွေ ပျောက်နေလောက်ပါပြီ....
ငယ်စဉ်က ကျနော်တို့ မောင်နှမ နှစ်ယောက်သာရှိသာ မတည့်ကြပါဘူး ကြောင်နဲ့ကြွက်ကြနေတာပါပဲ။ ကျနော်က ငယ်ငယ်ကတည်းက စတတ်နောက်တတ်ပါတယ်။ အမြဲတမ်းရန်ဖြစ်နေကြပါ ဒါဆို အမေ့ရဲ့တုတ်စာ မိတော့တာပါပဲ။ ကျနော်တို့နယ်တွေမှာ များသောအားဖြင့် မိဘတွေက သားသမီးတွေကို ရိုက်ပြီး ဆုံးမတတ်ပါတယ်။ ကျနော် (၉)တန်းလောက်ထိ ရိုက်ခံရဖူးပါတယ်။ ဒီတော့ ငယ်တုန်းက တပတ်မှာ အနဲဆုံး သုံးခါလောက်တော့ ရိုက်ခံထိတတ်ပါတယ်။ ငယ်တုန်းက ကျနော်တို့ မောင်နှမတွေ ထမင်းစားပြီးဆို လူလည်ကြတာလေးရှိပါတယ်။ ကျနော့်အမက အသားငါးအရမ်းကြိုက်တာပါ သူက ထမင်းစားပြီးဆို အသားကိုများများ စားပြီး ထမင်းကိုနဲနဲပဲ စားတတ်ပါတယ်။ ဒီတော့ နောက်ပိုင်းကျ ထမင်းပဲ ကျန်တော့တယ် အသားကမရှိတော့ပါဘူး။ ကျနော်က အသားကို နဲနဲ ထမင်းကိုများများစားတတ်ပါတယ်။ ဒီတော့ သူက ကျနော့်အသားကိုလာလာပြီး တောင်းပါတယ်။ ဒါဆို ကျနော်ပြောနေကြစကားအတိုင်း သူလုပ်ပေးရပါတယ်။ ကျနော်က သူ့ကိုအသားပေးတယ် ပြီးရင် သူက ကျနော်စားပြီးသား ပန်းကန်ဆေးရပါတယ် အဟဲ အဲ့လိုလေးတွေ လူလည်ကျတာပါ။ :P
ကစားနည်းအနေနဲ့က ကျနော်က စွန်(ခ)လေတံခွန် လွှတ်အရမ်းဝါသနာပါတာပါ။ စွန်လွှတ်တဲ့ ရာသီရောက်ရင် ကျနော့်ကိုလိုက်ဖမ်းလို့ကိုမရတော့ပါဘူး မနက်မိုးလင်းရင် ရစ်ဘီးလေးကိုင်ပြီး စွန်တွေယူပြီး အိမ်ကထွက်သွားပါတယ် နေ့လည်ထမင်းစားချိန်ဆို ကျနော်ရဲ့အဖွားအိမ်မှာသွားပြီး စားပါတယ်။ ပြီးရင် လမ်းတလျှောက်စွန်လိုက်လွှတ်ပါတယ်။ ညနေ နေ၀င်လို့မှောင်မှ ပြန်လာတာပါ။ စွန်လွှတ်တဲ့ရာသီဆို အစကတည်းက မဖြူတဲ့အသားက နီဂရိုးအလားပါပဲ အဟဲ.....
တခြားကစားတဲ့ရာသီဆိုရင်တော့ ဓလေ့အလိုက် ကစားတာပါပဲ... ဂျင်ပေါက်မယ် ဂေါ်လီပစ်တယ်။ ဘောလုံးကန်တယ် ဘောလုံးကန်တာလဲ ၀ါသနာပါ။ ကျနော်တို့သူငယ်ချင်းတွေ ဖွဲ့ထားတဲ့ ဘောလုံးအသင်းတောင် ရှိပါသေးတယ် ဘယ်ရပ်ကွက်ကပဲ ချိန်းချိန်းလိုက်ကန်တာပါပဲ ကန်တာက အုတ်ကွင်းပါ အောက်မှာခင်းထားတာက အုတ်တွေပါ။ အနိုင်ရတဲ့ ပိုက်ဆံက အနာဂတ်ပလာစတာဝယ်ဖို့တောင် မလောက်ပါဘူး အဲ့လ
ိုဝါသနာပါတာပါ။ ပြန်လာရင်တော့ ဒူးတွေပြဲ၊ လက်တွေပွန်းပေါ့ တခါတလေ ရန်ဖြစ်တာကပါသေးတယ်။ ကလေးဘ၀ဆိုတော့ ထိထိမိမိတခါမှ မထိုးဖူးပါဘူး မိုက်လားဘာညာပေါ့ အော်နေတာနဲ့ပဲ ပြီးသွားတာပါပဲ....
ငယ်ဘ၀အကြောင်းကို ပြောမယ်ဆို ကျနော်အဖိုးကိုလဲ မေ့ထားလို့မရပါဘူး။ ခုဆိုအဖိုးဆုံးသွားတာ နှစ်ပေါင်းအတော်ကြာပေါ့။ ဒါပေမဲ့ အခုချိန်ထိ သတိတရ ရှိနေဆဲပါ။ အိမ်မက်ထဲမှာတော့ အဖိုးဟာ ကျနော်နဲ့ စကားတွေ ပြောနေတတ်တုန်းပါ။ အဖိုးဟာ သူရဲ့ အချစ်တွေကို အပြင်မထုတ်ပြတတ်တဲ့ လူစားမျိုးပါ။ အမြဲတမ်းကျနော်တို့မောင်နှမတွေ၊ သူ့ရဲ့သားသမီးတွေကို ဆူတယ် ဟောက်နေကြပါ။ ဒါပေမဲ့ သူ့မှာ နုညံ့တဲ့ နှလုံးသားရှိပါတယ်။ လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့လူတယောက်တွေ့ရင် အိမ်ကိုခေါ်လာပြီး ထမင်းကျွေး၊ အ၀တ်အစားပေး သုံးဖို့ပိုက်ဆံပေးတတ်ပါတယ်။ တိရစ္ဆာန်တွေကိုလဲ အရမ်းချစ်တတ်ပါတယ်။ မှတ်မိသေးတယ် တခါက အဖိုးလက်သဲခြေသဲ ညှပ်နေတုန်း အဖိုးခေါင်းပေါ်မှာ စာကလေးငှက်လေးတွေ လာနားတာကို တွေ့ဖူးပါတယ်။ အဖိုးတို့ မျိုးရိုးက စိတ်အရမ်းကြီးပါတယ်။ ဒါပေမဲ့ လူဖြောင့်စိတ်တိုလို့ပဲ ပြောရမလားမသိဘူး စိတ်တို စိတ်ဆိုးစရာတွေရှိရင် ချက်ချင်းပြောတယ် ဆူတယ် ပြီးရင်တော့ အဲ့ကိစ္စကို နောက်ကြောင်းတောင် တခါမှ ပြန်မလှည့်ဖူးပါဘူး။ ကျနော်တို့တမျိုးလုံးက အဖိုးကို အရမ်းကြောက်ကြပါတယ်။ ကျနော်လဲ အရမ်းကြောက်ရတာပေါ့။ ဒါပေမဲ့ အဖိုးဆုံးသွားတဲ့ထိ ကျနော့်အဖိုးရဲ့ အရိုက်ကို ကျနော် မခံခဲ့ဖူးပါဘူး။း)
နွေရောက်ပြီဆို သူငယ်ချင်းတွေစုပြီး တောထဲသွားတယ်။ တောင်သူတွေစိုက်ထားတဲ့ ယာတွေထဲက သစ်တောသီးတွေ ခိုးစားတယ်.. ငါးလိုက်ပက်တယ် ငှက်လိုက်ပစ်ဖူးပါတယ်။ ပင်စိမ်းသီးတွေခူးပြီး အိမ်ကယူလာတဲ့ ပဲပုတ်ထောင်းနဲ့ စားကြတယ်။ ကျနော်တို့ဒေသမှာ တောထဲထွက်ရင်၊ တောင်ပေါ်တက်ရင် စကားပုံလေးတခုရှိတယ် ရှေ့ခြောက်နောက်လေး တဲ့။ ဆိုလိုတာက အရှေ့ဖက်ကိုသွားရင် ခြောက်ယောက်၊ အနောက်ဖက်ကိုသွားရင် ၄ယောက်ထဲမသွားရဘူးပေါ့။ တခုခုဖြစ်တတ်ပါတယ်။ ကျနော်တို့ဒေသက အယူအဆပါ တကယ်လဲဖြစ်တတ်ပါတယ်။ ကျနော်တို့ အရှေ့ဖက်က တောင်တက်တုန်းက သွားဖူးနေကြကို လျှာရှည်ပြီးလမ်းသစ်ရှာပြီးတက်တာ လမ်းပျောက်ပြီး မျက်စေ့လည်ဖူးပါတယ်။ ဒါနဲ့ လူတွက်လိုက်တော့ ၆ ယောက်ဖြစ်နေပါတယ်။ ဒါနဲ့ မောင်ကျောက်ခဲကို အဖော်ခေါ်ပြီး ထပ်တက်ရတာပေါ့။ မောင်ကျောက်ခဲဆိုတာ သရဲအကြောင်းတွေ ရေးနေတဲ့ ဦးကျောက် ကိုပြောတာမဟုတ် ကျောက်ခဲအနေတော်တခုကိုယူပြီး မောင်ကျောက်ခဲရေ ငါတို့နဲ့လိုက်ခဲ့ဆိုပြီး အိတ်ထဲထည့်ပြီး ခေါ်သွားရတာပါ...
အခုလို တယောက်ထဲအဝေးရောက်နေတဲ့အချိန်မှာ ကျနော်တို့တွေ မိသားစုကိုလွမ်းတတ်ပါတယ်။ ခင်မင်ခဲ့တဲ့လူတိုင်းကိုလွမ်းတတ်ပါတယ်။ ဒီလိုချိန်မျိုးမှာကိုယ်ငယ်စဉ်က ကလေးဘ၀ကိုပြန်တွေးကြည့်ရင်လဲ ပျော်စရာတွေအပြည့်နဲ့ဖြစ်နေမှာပါပဲ.. ထပ်ပြီး Tag ချင်ပါတယ်။ ကံစမ်းမဲပေါက်သူများကတော့
၁) ကိုဖိုးစိန်
၂) ကိုမိုးကုတ်သား
၃) ရေတမာ
၎) ခီလောက်
(၄)ယောက်ပဲ Tag တော့မယ် အညာမြေက ကလေးဘ၀တွေကို ခံစားချင်လို့ ဒီ ၃ယောက်ကို ရွေးချယ်ပါတယ်း)
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
အိမ်လွမ်းသူ
ကျနော့်ရင်တွေအရမ်းခုန်နေသည် မခုန်ပဲနေပါ့မလား မွေးရပ်မြေကို မပြန်ဖြစ်သည်မှာ နှစ်ပေါင်းမနဲတော့ပေ။ ခုတော့ ကျနော်ခင်တွယ်သော မွေးရပ်မြေ၊ ချစ်သောအမေ၊ မိသားစုတို့နှင့် တွေ့ရတော့မည်။ ညအမှောင်အောက်မှာ တရိပ်ရိပ်ပြေးနေသော အဝေးပြေးကားကြီးပေါ်မှာ နားကြပ်လေးတပ်ပြီး ဘိုဖြူရဲ့ မွေးရပ်မြေ သီချင်းလေးကို ထပ်တလဲလဲ နားထောင်ပြီး ပျော်ရွှင်နေမိသည်။ မနက်ဖြန်မနက်ဆိုလျှင် ကျနော်နေသော အရပ်သို့ရောက်တော့မည်။ အတွေးများနဲ့ တကိုယ်တည်း စိတ်ကူးယဉ်နေစဉ် ကားဆရာ၏ အော်သံကိုကြားလိုက်ရသည်။ အပေါ့အပါးသွားရန်ခဏနားခြင်း ဖြစ်ပေသည်။ ကားထဲက ဆင်းလိုက်သည်နှင့်တပြိုင်တည်း ညအမှောင်မှာ အေးမြသောလေတို့သည် မောပန်းနေသော လူရဲ့စိတ်ကို အတော်အတန်တော့ လန်းဆန်းစေသည်မှာ အမှန်ပင်.... ဒီလိုနဲ့ ကားပေါ်ပြန်တက် နားကြပ်လေး နားထဲထိုးထည့် မျက်လုံးလေး မှိန်းပြီးလိုက်လာခဲ့တော့သည်။ ပစ္စည်းတွေ သေချာကြည့်နော် ကိုယ့်ပစ္စည်းသေချာပါမပါကြည့် ပျောက်ရင်တာဝန်မယူဘူး..... ဟူသော စပါယ်ယာ၏အော်သံကြောင့် ကျနော်နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်တော့ မနက်လင်းအားကြီးချိန် လမ်းခုလတ်မှာ ခရီးသည်တယောက် ဆင်းနေခြင်းဖြစ်ကြောင်းစိတ်က အလိုလိုသိလိုက်သည်။ ဘေးမှာထိုင်နေသော အကိုကြီးကို ဘယ်နေရာရောက်နေပြီးလဲမေးတော့ နောက် ၃၊၄ နာရီလောက်ဆို ကျနော်နေတဲ့ မြို့လေးကိုရောက်တော့မည်ဟု သိလိုက်သည်...
တရိပ်ရိပ်နဲ့ လေအလျင်လား ပြေးလွှားနေသောကားလေးသည် ကျနော်တို့မြို့လေးပေါ်ကိုတက်ရန် တောင်ခြေအောက်နားရောက်တောင်လာပြီ။ ကျနော်စိတ်တို့ကားအငြိမ်မနေနိုင် ကျနော်ချစ်သော တောင်တန်းတွေကို ကြည့်ချင်လာသည်။ ဒါနဲ့ရှေ့ခေါင်းခန်းက ကားစပါယ်ရာထိုင်နေသော နေရာနားသွားထိုင်ပြီး အရှေ့တည့်တည့်ကနေ တောင်တန်းတွေကို တ၀ကြီးကြည့်လိုက်သည်။ဖွင့်ထားသော တံခါးမှသည် ရှမ်းပြည်ရဲ့လေအေးအေးလေးကို ရှူရှိုက်ရသည်ကိုကား ကျနော်လို တောင်ပေါ်သားတယောက်အတွက် ရသတခုပင်မဟုတ်ပါလား... တောင်ပတ်လမ်းလေးအတိုင်း တဖြည်းဖြည်းကားလေးကတက်လာသည်။ ခုဆို အမေလည်းအိမ်ပေါက်ဝက သားပြန်အလာကို မျှော်နေတော့မည်။ သူငယ်ချင်းတွေကတော့ လာကြိုမည်ဟု ပြောထားသည်။ ဒီကောင်တွေတောင် မိန်းမတွေရလို့ ဘာတွေ ပြောင်းလဲကုန်ပြီလဲမသိ..... ပြန်တွေ့မှ အရင်အကြောင်းတွေ ပြောကြရင်း ညှင်းဆဲရဦးမည် အနိုင်ကျင့်ရဦးမည်.......
ကားဂိတ်ကို ကျနော်တို့ကားကြီး ဆိုက်ကပ်လိုက်သည်နှင့်တပြိုင်တည်း မျက်လုံးကဘေးဘီကို လျှောက်ကြည့်နေမိသည်။ Taxi ငှားမလားဟု ဟန်ဆောင်မူကင်းတဲ့ စကားသံဝဲ၀ဲနဲ့ ဦးလေးကြီးများ၏ အသံကိုလဲ ကြားနေရသည်။ စိတ်ထဲမှာတော့ ငိုချင်သလိုလိုဖြစ်မိသည် ဟန်ဆောင်မှုများပြီး အပေါ်ယံပေါင်းတတ်တဲ့ လူတွေနဲ့ ပေါင်းသင်းဆက်ဆံနေရတာ ဒီလိုရိုးသားတဲ့ လူတွေကိုတွေ့ရတော့ ဘ၀ကိုအားမလိုအားမရဖြစ်မိပြန်သည်။ ထိုစဉ် ကျနော့်ခေါ်သံကို ကြား၍ နောက်လှည့်ကြည့်လိုက်တော့ ဦးထုပ်၊အနွေးထည်အပြည့်အစုံနဲ့ ကျနော်ရဲ့ အခင်ဆုံး သူငယ်ချင်းတွေကို တွေ့ရသည်။ တယောက်နဲ့ တယောက် ပခုံးချင်းဖက်ပြီး ပေါင်းလာသည် ပြောမနာဆိုမနာသူငယ်ချင်းတွေ ယခုတော့လဲ မိန်းမတွေရလို့ လူကြီးစတိုင်တွေနဲ့တောင် ဖြစ်နေပါကောလား...... ထို့နောက် တယောက် အိတ်တလုံးစီ ထမ်းပြီးကားပေါ်တက် အမေ့အိမ်ရှိရာသို့.........
ကားလေးဖြတ်သန်းရာ လမ်းတလျှောက်ကိုကြည့်လိုက်မိတော့ တိုက်တာအဆောက်အဦးတွေက အရင်ကထက် ပိုမိုတိုးတက
အနာ
မျှော်လင့်ချက်တွေပျောက်ဆုံး တစ္ဆေခြောက်ခံရတဲ့ည
အရာရာကွယ်ပျောက် အမှောင်ဖုံးတဲ့ည
ဘာတွေမှားလို့ ဘာတွေဖြစ်မှန်းမသိခဲ့တဲ့ည
ချိုမြိန်တဲ့ ၀ိုင်တွေကြားမှာ ယစ်မူးခဲ့တဲ့ည
မိသားစုကမ္ဘာ ပျော်ရွှင်စရာတွေ အသက်မဲ့နေဆဲ
တယောက်ထဲ အဖော်မဲ့ ခရီးဆက်နေဆဲပေါ့
နားလည်မူတွေမရနိုင်သေးတဲ့ လူတယောက်
လှောင်အိမ်ထဲက ငှက်တကောင်လို ပျံချင်ရာမပျံသန်းနိုင်တဲ့ဘဝ
ပျော်ရွှင်စရာ ဒီလိုဆောင်းမနက်ခင်း
ပီတိအပြုံးတွေကွယ်ပျောက်
တယောက်ထဲ ငါ့ကို
မာယာများနဲ့လှောင်ပြုံး ပြုံးပြနေလေရဲ့
လောကအတွက် ကောင်းကျိုးမပြု
မိသားစုအတွက် လူပေတေတယောက်
ချစ်ရသူအတွက် ယုံကြည်မူမဲ့စေတဲ့ ပေါ့ပျက်ပျက်လူတယောက်
ဒါတွေကို ဘယ်သူဖန်တီးခဲ့လဲ ကိုယ်တိုင်ကလွဲပြီး ဘယ်သူဖြစ်ဦးမလဲ
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
စိတ်
ပညာတွေတတ် အမိုက်မှောင်ဖုံး
ပြင်ရန်ခက်ခဲ မိုက်တွင်းနက်သည်
တဇောက်ကန်းမြင် ငါလုပ်ငါမှန်
လွဲမှားယူဆ ပြင်ရန်ခက်သည်
တိုင်းပြည်မချစ် မစောင့်ထိန်းတော့
သူ့ကျွန်ဘ၀ အမြန်ရောက်သည်
အရှက်မရှိ အကုန်ဖော်ထုတ်
နွားဇာတ်ခင်းတော့ လူကြည့်များသည်
လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။
လေးစားလျက် တောင်ပေါ်သား
Pages
Popular Posts
-
ငါ့ကိုငါ အထင်တွေကြီးခဲ့တာပေါ့ အချစ်ဆိုတာကို ပေါ့သေးသေးလုပ်လို့ နှလုံးသားမရှိတဲ့ လူအဖြစ် ငါနေခဲ့တာ တကယ်တမ်း ချစ်ရသူတွေ့လာတော့ ဖုံးကွယ်ထားတဲ့ ...
-
၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လှ...
-
အော်ဟစ်သံတွေဆူညံလို့ ချောက်ခြားစရာအတိနဲ့ ဟိုမြေအောက်ဆုံးထပ်က ငရဲပြည်လား အောက်မေ့ရတယ် အာခေါင်တွေ ခြောက်ကပ်လို့အားအင်တွေကုန်ဆုံးပေါ့ လေးထောင့်...
-
စာဖတ်သူမိတ်ဆွေ ယခုစာကို ဖတ်ပြီး သင်သည် ပျော်ရွှင်လိမ့်မည်ဟု ကျွန်ုပ်အာမ မခံပါ။ ထိုအတူ သင့်အနေနဲ့ အကျိုးမရှိနိုင်ပါ။ ထိုကြောင့် ကျွန်ုပ်ရေးသော...
-
ကျနော်လဲ တီဝါ တို့၊ မkom တို့လို စားစရာလေး တင်ပေးလိုက်ပါတယ်။ တောင်ပေါ်သား ဒီနေ့ စိတ်ကူးပေါက်တာနဲ့ အကြော် ကြော်စားဖြစ်ပါတယ်။ ကျနော်ရဲ့ ချစ်ည...
-
ကျနော်သည် တခါတရံ စိတ်တို့၏ ခေါ်ဆောင်မူနောက်ကို လိုက်ပါသွားတတ်သည်။ တခါတရံတွင် မတွေးသင့်သော အရာများကိုတွေးတော တတ်ပြန်သည်။ လူတွေ ဟုတ်သည် သည်လူတေ...
-
အပြင်မှာ မိုးခြိမ်းသံတွေကို ကျနော်နားထောင်နေမိသည်။ တချက်တချက် မှန်ပြတင်းပေါက်မှ မြင်လိုက်ရသော လျှပ်စီးများကိုကြည့်ပြီး ဟိုအရင်အတိတ်ကို ပြန်ေ...
-
ဘေးချင်းကပ်လျှက် နီးရက်နဲ့ဝေးးးးး မဆုံနိုင်တဲ့ မြစ်၂စင်း သံဟဇာတ တည့်အောင် တယောက်ကို တယောက် ဖေးထူလို့ ကူညီမူတွေအလျှံပယ်နဲ့ သေချာပြန်သုံးသပ်တေ...
-
ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။ ၁) စင်ကာပူရောက် အမျိုးသာ...
-
ကျွန်ုပ် သူ့ကို အပြင်မှာ မမြင်ဖူးသေးသော အချိန်က ဖြစ်သည်။ နာမည်လေးကပေးထားလိုက်သည်မှာ အနုအရွလေးနဲ့ကဗျာဆန်လှပေသည်။ နာမည်က ဘာတဲ့ ဆောင်းချမ်းမိုး...
Labels
- ၀တ္တုတိုများ (14)
- ၀မ်းနည်းကြေကွဲခြင်း (10)
- All (229)
- Blog (470)
- Buffalo (1)
- Carrousel (1)
- Fire Balloon (6)
- Firework (6)
- Hometown (5)
- Lizard (1)
- Love (1)
- model (1)
- Monkey (1)
- Photography (13)
- Singapore (1)
- Software များ (2)
- Tag ပိုစ့်လေး (56)
- Tiger (1)
- wild animals (3)
- ကဗျာများ (119)
- ကဗျာလေးများ (4)
- ကူးယူဖော်ပြခြင်း (1)
- ကျနော် ကျောင်းဆရာ (11)
- ကျနော်မြို့လေး (16)
- ကျနော်အိမ်လေး (4)
- စားမယ် ၀ါးမယ် (4)
- စိတ်ခံစားချက်များ (120)
- စိတ်ခံစားချက်လေးများ (14)
- ဆုတောင်း (12)
- မျှဝေခြင်း (66)
- ဟာသလေးများ (18)
- အမေ (30)
- အမေ့အမှတ်တရ (1)
- တောင်းပန်ခြင်း (4)
- ပေါက်တတ်ကရ (1)
- ပေါင်းစည်းခြင်း (18)
- ကြော်ငြာ (2)
- မွေးနေ့ (8)