Labels

Post Test

This is post test

Love


Camera Model - NIKON D90
F-stop - f/2.5
Exposure - 1/40 sec
ISO - 200
Focal Length - 50mm

Smile


Camera Model - NIKON D90
F-stop - f/2.2
Exposure - 1/4000 sec
ISO - 200
Focal Length - 50mm

Gardens by the Bay

Camera Model – NIKON D90
F-stop – f/3.5
Exposure – 0.77 sec
ISO – 500
Focal Length – 18mm

Carrousel

Camera Model - NIKON D90
F-stop - f/11
Exposure - 1/500 sec
ISO - 250
Focal Length - 21mm

Family

Camera Model - NIKON D90
F-stop - f/32
Exposure - 1/200 sec
ISO - 2000
Focal Length - 58mm

Firework

Camera Model - NIKON D90
F-stop - f/5.6
Exposure - 1/30 sec
ISO - 640
Focal Length - 105mm

Buffalo

Camera Model - NIKON D90
F-stop - f/13
Exposure - 1/800 sec
ISO - 2000
Focal Length - 28mm

Fire Balloon

Camera Model - NIKON D90
F-stop - f/5
Exposure - 1/60 sec
ISO - 1600
Focal Length - 50mm

Fire Balloon

Camera Model - NIKON D90
F-stop - f/6.3
Exposure - 1/30 sec
ISO - 1250
Focal Length - 21mm

Firework


Camera Model - NIKON D90
F-stop - f/4.5
Exposure - 1/60 sec
ISO - 3200
Focal Length - 40mm



White Tiger


Camera Model - NIKON D90 
F-stop - f/5.6 
Exposure - 1/60 sec 
ISO - 640

lizard


Camera Model - NIKON D90
F-stop - f/5.6
Exposure - 1/50 sec
ISO - 250

Monkey


Camera Model - NIKON D90
F-stop - f/7.1
Exposure - 1/30 sec
ISO - 200

ယုံကြည်ချက် အကျဉ်းသား

ယုံကြည်ချက်တွေ ရင်ထဲထည့်
မျှော်လင့်ချက်အတွက် အသက်ရှင်
လှောင်ရယ်တွေကို အန်တုလို့ပေါ့
ဘေးဘက်ကြည့်တော့ နံရံ
နောက်ဖက်လှည့်တော့ နံရံ
ရှေ့သံတိုင်ကို အားမာန်အပြည့်ကိုင်လို့
ယုံကြည်ရာကို မစွန့်လွှတ်တဲ့
သူရဲကောင်းများ.....

အများမသိ နာမည်ပျောက်လို့
ကိုယ်ကျိုးမငဲ့ ပေးဆပ်ရင်းနဲ့
ဘဝတွေပေး ကျေနပ်နေတာ
အများခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား
သူရဲကောင်းတွေပါ.....

ရင်မှာလှိုက်လို့ ငိုကြွေးရှိုက်သံ
ညစဉ်တိုင်းကြား မိဘများရဲ့
သားသမီးအပေါ် ချစ်ခြင်းမေတ္တာ
ရုန်းကန်လှုပ်ရှား ဝမ်းစာအတွက်
မရှိတဲ့ကြား ထောင်ဝင်စာတွေ့
ဂုဏ်ယူဖွယ်ရာ ကြင်ဖော်ကြင်ဖက်

ဇိမ်ခံကားလေး အသာမောင်းလို့
ဘီယာခွက်ကိုင် အသံကောင်းဟစ်လို့
တိုက်တာအဆောက်အဦး ရေကူးကန်တွေနဲ့
ပါးစပ်ပေါက်တလုံး ခရားရေလွှတ်ပြောနေကြတယ်
နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတဲ့....


မနေ့ညက သတင်းတွေ နားထောင်ပြီး စိတ်မကောင်းဖြစ်မိတယ်။ လူမသိသူမသိပဲ တိုင်းပြည်အတွက် အနစ်နာခံ၊ ပေးဆပ်နေတဲ့ လူတွေ အများကြီးကျန်နေသေးပါ့လားဆိုတဲ့ အသိကြီးတခု ဝင်လာတယ်။ အဖွဲ့အစည်းတခုရဲ့ အောက်မှာ ယုံကြည်ချက်ကြောင့် ကြိုးစားခဲ့ကြတဲ့ လူငယ်၊လူရွယ်တွေ.. တိုင်းပြည်အတွက် ပေးဆပ်ခဲ့ရတဲ့ လူငယ်တွေ တကယ်တမ်း ပြောင်းလဲလာတဲ့ အခုလို ခေတ်အနေအထားမှာ သူတို့ဖက်က ရပ်တည်ပေးမဲ့ လူတွေ ဘယ်ရောက်ကုန်သလဲ စဉ်းစားလို့မရဘူး....


လေးစားလျက်
တောင်ပေါ်သား

တချိန်က ချစ်သူ

အကြင်နာတွေကို မင်းမမြင်
ခံစားချက်တွေကို ဖယ်ထုတ်လို့
မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ်
သံသရာတလျှောက် လက်တွဲဖို့ဆိုတာ
မိုးနဲ့မြေလို ကွာခြားတဲ့ ဒို့နှစ်ယောက်ဘဝ

မင်းရင်ခွင်ကို အချိန်မဲ့
မျှော်လင့်ချက်တွေနဲ့ မထားခဲ့ချင်ခဲ့ဘူး
မင်းနားလည်မှုကို ငါမမျှော်လင့်သလို
ရယူမှုတွေလဲ ငါမလိုချင်ခဲ့ဘူး
အချိန်တန် ကတ္တီပါလမ်းခွဲဖြစ်မှာကို
ကြိုမြင်ရက်သားနဲ့ ငါဆက်မလျှောက်ချင်

မင်းစိတ်ချမ်းသာနေရတာ
မင်းပျော်ရွှင်တာတွေ မြင်နေရတော့
အဝေးကနေ ကျေနပ်နေမဲ့သူဟာ ငါပါ….
ဒါတွေဟာ ငါရဲ့ ပေးဆပ်မှုလဲ မဟုတ်ခဲ့ပါဘူး…..
နှလုံးသားနဲ့ ရင်းပြီး ချစ်ခဲ့ဖူးပါတယ်
အသဲပေါက်မတတ် ခံစားခဲ့ဖူးပါတယ်

ဒါပေမဲ့ ဒါတွေဟာ တချိန်မှာ
ငါ့ကို လှောင်ရီ ဟားတိုက်နေမဲ့ အသံတွေလို့
ငါ့ဘဝမှာ စိုးစေ့မျှ မတွေးခဲ့မိဘူး……….
ဘယ်သူမဆို နောက်ဆုံးတော့လဲ
ပျော်ရွှင်မှုသာ လိုချင်တာပါပဲ

နောင်တချိန် ပြန်ဆုံကြရင်ဖြင့်
ပျော်ရွှင်စွာ နှုတ်ဆက်လို့
မင်းရင်သွေးကို ငါ့တူ၊သားသမီးလို
ခင်မင်စွာနဲ့ အနမ်းတွေ ပေးလိုက်ချင်ပါရဲ့
တချိန်က မင်းရဲ့ ချစ်သူဆိုတဲ့ ငါ……….



အားနေလို့ ပိုစ့်အဟောင်းတွေ ပြန်ဖတ်ရင် မတင်ရသေးပဲ ကျန်နေတဲ့ ပိုစ့်အကြမ်းလေးပါ။ ခုတော့ တင်လိုက်ပါတယ်း)

လေးစားလျက်

တောင်ပေါ်သား

ဒီမိုကရေစီ

ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကားလက်ဆုံကျလို့ ပြောဖြစ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးဖက် ရောက်ရောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အခုထိ ကျနော် ဒီမိုကရေစီဆိုတာ ဘာလဲ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်ကို သေချာနားမလည်သေးပါဘူး။ ကျနော်ရဲ့ ဦးနှောက်ဥာဏ်နဲ့ စဉ်းစားရသလောက်ကတော့ ဒီမိုကရေစီဆိုတာ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကို ပြောဆိုခွင့် အပြည့်အဝရှိတာပါပဲ။

တကယ်၍များ ဒီမိုကရေစီကို အပြည့်အဝ ခံစားရတဲ့ အနောက်နိုင်ငံတွေလိုများ ကျနော်တို့ မြန်မာတွေများ ရခဲ့ရင် ဘယ်လိုနေမလဲဆိုတာ စဉ်းစားမိပါတယ်။ ဒီမိုကရေစီတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ကောင်းကွက်၊ ဆိုးကွက်ဆိုတာကတော့ ဒွန်တွဲလို့ နေတတ်ပါတယ်။ စီးပွားရေးတွေ တိုးတက်လာမယ်၊ လမ်းပန်းဆက်သွယ်ရေးတွေ အရင်လိုမဟုတ်ပဲ ပိုမိုကောင်းမွန်လာမယ်၊ တောင့်တင်းခိုင်မာတဲ့ ငွေကြေး စနစ်တွေ ရှိလာနိုင်မယ်။ သာမာန်အောက်ခြေ အလုပ်သမားတွေ ဝန်ထမ်းတွေရဲ့ ဝင်ငွေတွေ တိုးလာပြီး မိသားစုစားဝတ်နေရေးတွေ ပြေလည်လာနိုင်မယ် စသည် စသည်ဖြင့်ပေါ့... ဒါတွေက အကောင်းဖက်ကနေ စဉ်းစားပြီးတော့ ဝမ်းသာနေမိတာ

အဆိုးဖက်ကကော သာမာန်ကြည့်လိုက်ရင်တော့ အဆိုးဖက်က သိပ်မများပါဘူး။ ဒါပေမဲ့ မထိန်းသိမ်းနိုင်ရင်တော့ မြန်မာ့ယဉ်ကျေးမှုဆိုတာကြီးက ပျောက်သွားနိုင်တယ်မလား။ နိုင်ငံရေးမလုပ်နဲ့ အစိုးရမကောင်းကြောင်း မပြောနဲ့ ကျန်တာအကုန်လုပ်လို့ရတယ်ဆိုတဲ့ တိုင်းပြည်ကြီးအောက်မှာ လူငယ်တွေ ပျက်စီးချင်တိုင်း ပျက်စီးနေတာ တွေ့နေ မြင်နေရတယ်။ ယောကျာ်းလေးတွေမို့လို့ ဆိုးသွမ်းကြတယ်ထားပါဦး ခုတော့ မြန်မာမိန်းကလေးတွေလဲ မမြင်ချင်မှအဆုံး အင်တာနက်ပေါ်မှာ ဖြစ်ချင်တာတွေ ဖြစ်နေကြတော့တာပဲ မဟုတ်လား။ ဒါဟာ ရေရှည်တွေးကြည့်ရမဲ့ အချက်တခုပါ။ ဒီလိုပြောလို့ အရင်ခေတ်တုန်းက ရင်ဖုံအင်္ကျီ၊ ချိတ်ထမီနဲ့ နေရမှာလားဆိုပြီး အတွန့်တက်ကြမှာ မြင်ယောင်မိတယ်။ ဆိုလိုတာက ဒီလိုခေတ်ကြီးထဲမှာ အဲ့လောက်ထိနေထိုင်၊ ဝတ်ဆင်စရာလဲ မလိုလှပါဘူး။ ခေတ်နဲ့ အညီဝတ်တတ်ရပါမယ် ခေတ်ကိုကျော်ပြီးတော့ မိမိမရှိ ရှိတာတွေကို ချပြပြီး နာမည်ကျော်ကြားချင်တာတွေကတော့ ရုပ်ဆိုးလွန်းပါတယ်။

အထက်က ပြောခဲ့သလိုပဲ ကျနော်နားလည်သလောက် သိသလောက် ဒီမိုကရေစီ ဆိုတာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိပါတယ်။ ကိုယ်မှန်မယ်ထင်ရင် ပြောဆိုပိုင်ခွင့် ရှိသလို၊ ကိုယ်မှားခဲ့ရင်လဲ တောင်းပန်နိုင်ရပါ့မယ်။ ခုတလော မြင်ရသလောက်မြန်မာတွေရဲ့ စိတ်က ကိုယ်ကြိုက်တာကို လာမကောင်းမပြောနဲ့ တကယ်၍လာပြောရင် ဒါရန်သူပဲလို့ ထင်မြင်နေကြပါတယ်။ ဘယ်လောက်ပဲ လေးစားကြည်ညိုစရာကောင်းတဲ့ လူပုဂ္ဂိုလ်၊ အရာဝတ္တု ဖြစ်နေပါစေ ကိုယ်ဖက်က ကိုယ်ခံယူတဲ့အတိုင်း ပြောဆိုခွင့်တော့ ရှိသင့်ပါတယ်။ ဥပမာ ဒီမိုကရေစီနဲ့အညီ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာ သမ္မတကြီးကို မကြိုက်လို့ ကန့်ကွက်ချင်တယ်ဆို ကန့်ကွက်လို့ရပါတယ်။ အကျိုးအကြောင်းနဲ့ ထုတ်ဖော်ပြောဆိုနိုင်ပါတယ်။ ဒါသည် ကျနော် နားလည်တဲ့ ဒီမိုကရေစီပါ။ ခုကတော့ ကျနော်တို့ မြန်မာတွေအများစုက ဒေါ်အောင်ဆန်းစုကြည်လို့ ပုဂ္ဂိုလ်ကို နဲနဲလေးမကြိုက်ကြောင်း ပြောလိုက်တာနဲ့ ငှက်ဆိုးတွေ ဝိုင်းထိုးသလို ပြန်ပြောနေကြတာကတော့ အတော့်ကို ရီစရာကောင်းလှပါတယ်။ ဒီလိုပြောလို့ ကျနော် အမေဒေါ်အောင်ဆန်းစုကြည်ကို မထောက်ခံဘူးလားလို့ လာမေးရင် မဟုတ်ပါဘူး ကျနော် အကြွင်းမဲ့ ထောက်ခံပါတယ်။

ဒီမိုကရေစီလို့ ဝိုင်းအော်နေတဲ့ လူတွေကိုတော့ ကျနော်လို သာမာန်လူတယောက် အနေနဲ့ ကြည့်ရတာ စိတ်ချမ်းသာမှုကို ရှာလို့ မရသေးတာတော့ အမှန်ပါပဲ။ ကျနော်တို့ နိုင်ငံကြီး အမြန်ဆုံး လွတ်လပ်ပြီး ပြည်သူတွေစိတ်ကြိုက် ရွေးချယ်တင်မြောက်တဲ့ တရားမှုကို မြတ်နိုးတဲ့ ဒီမိုကရေစီပိုင်ဆိုင်တဲ့ နိုင်ငံတခုကို အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းရင်း.......



လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား

အရောင်ပြောင်း၍

မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့
မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ်
ပျော်ရွှင်မှုကို မျှဝေစားလို့
ဒုက္ခတွေကို လည်စင်းခံရင်းပေါ့

ကံကြမ္မာလှိုင်းတံပိုးအောက်မှာ
လူးလိမ့်ရင်းနဲ့ နားလည်မှုတွေ
ကြည်နူးမှုတွေ မျှဝေခံစား
ယူခဲ့ဖူးတယ်

မဆုံးနိုင်တဲ့ ဘဝဆီကို
နှစ်ယောက်တူတူ လျှောက်လှမ်းရင်းနဲ့
မျက်ဝန်းဆီမှာ မိုးရွာသွန်းရင်း
ဝေးခဲ့ကြတယ်.....

နောက်တချိန်မှာ
ပြန်ဆုံတွေ့တော့ ဟန်လုပ်ပြုံး၍
အသက်မဲ့အသံ
ကိုယ်စီ နှုတ်ခွန်းဆက်တယ်

ပြောင်းလဲခြင်း တရားအောက်မှာ
ကိုယ်စီကိုယ်စီ ပုတ်သင်ညိုလို
အရောင်ပြောင်း၍ နေခဲ့ကြပြီ.......

လေးစားလျက်
တောင်ပေါ်သား

တာဝန်

ဘာလိုလိုနဲ့ ဘလော့လေးကို ပစ်ထားတာလဲ နှစ်တောင်ချို့တော့မယ်... တကယ်လဲ အလုပ်တွေက များလိုက်၊ စိတ်က ဘလော့ရေးဖို့ အာရုံနှစ်လို့မရလိုက်နဲ့ ပစ်ထားမိတာ... ခုတော့ ဘလော့နာမည်လေးကို ပြန်ပြောင်းပြီး ပြန်ရေးမလားလို့ စိတ်ကူးမိသား ဘလော့ဂါတယောက်လို့ ကိုယ့်ကိုကိုယ် မခံယူထားပေမဲ့ ဘလော့တွေက စာတွေနဲ့တော့ အဆက်ပြတ်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ... နေ့စဉ် သွားလာလှုပ်ရှားနေရတဲ့ ကျနော့်ဘဝလေးထဲမှာ ဘလော့ဆိုတာ ပစ်ထားလို့ မရတဲ့ အရာတခုပါပဲ... အဆင်ပြေရင် ပြေသလို Google Reader လေးနဲ့ ဘလော့တွေကို စုံနေအောင် လိုက်ဖတ်ဖြစ်နေပါတယ်... တခါတလေ အလုပ်များလို့ မဖတ်ဖြစ်တဲ့ရက်ဆို လူကတခုခုလိုအပ်နေသလိုပါပဲ... စာပေသည်လူ့ဘဝအတွက် အကောင်းဆုံးသော အဖော်မွန်ပါပဲ...


ဧရာဝတီ မြစ်ဆုံရေကာတာ ပြဿနာ..

ခုတလော ဘလော့တွေပေါ် မသွားလိုက်နဲ့ မြင်ရတာက ဧရာဝတီ... ညအလုပ်ပြန်လို့ Facebook ပေါ်တက်ကြည့်လိုက်မိရင်လဲ ဧရာဝတီ... ဧရာဝတီ မြစ်ဆုံရေကာတာဆောက်တာကို ထောက်ခံတဲ့လူတွေက တစု၊ ကန့်ကွက်တဲ့ လူတွေက တဖွဲ့နဲ့ အတော့်ကို စာတွေ လိုက်ဖတ်မိတယ်... ဒီကြားထဲ ငါက ဧရာဝတီပေါ်မှာ ကြီးပြင်းခဲ့သူမဟုတ်ဘူး ငါနဲ့ မဆိုင်ဘူးဟု ခံယူသူတွေကော... ဧရာဝတီဆိုတာ ငါတို့နဲ့ ဝေးပါတယ် ငါတို့က သံလွင်မြစ်ပေါ်မှာ ကြီးလာတာ... စာပေဟောပြောပွဲတွေ နားထောင်လိုက်ရင်လည်း ဧရာဝတီမြစ်ကြီးကို ထိန်းသိမ်းဖို့ စသည် စသည်ဖြင့်ပေါ့... လူအမျိုးမျိုး စိတ်အထွေထွေမလား... ကျနော်အမြင်ကကော??... တကယ်တမ်း ကျနော်လဲ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လက်တည်ဆောက်ဖို့ထောက်ခံတဲ့ လူထဲမှာမပါပါဘူး...

ကျနော်တို့ ရှမ်းပြည်နယ်မှာ မြန်မာပြည်ရဲ့ ဒုတိယအကြီးဆုံးသော အင်းလေးအိုင်ဆိုတာ ရှိပါတယ်... အင်းလေးလို့ ဆိုလိုက်တာနဲ့မြန်မာပြည်က တိုင်းရင်းသား ညီအကိုမောင်နှမတွေ အများစု သိကြမှာပါ... ဒီအင်းလေးအိုင်ကို မှီခိုနေထိုင်ကြတဲ့ ရိုးသားတဲ့ အင်းတိုင်းရင်းသားတွေ ရှိကြတယ်... အင်းလေးကို အမှီပြုပြီး (ပြည်နယ်တခုလုံး) မြန်မာပြည်တပြည်လုံးနီးပါးက စိုက်ပျိုးရေးက စလို့ စီးပွါးရေးတွေ မျိုးစုံလုပ်ကိုင်ကြတယ်... ထွက်ရှိတဲ့ ပစ္စည်းတွေကိုလည်း မြန်မာပြည်အရပ်ရပ်ကို ပို့ဆောင်ပါသေးတယ်... အင်းလေးကထွက်တဲ့ ခရမ်းချဉ်သီးကို ရန်ကုန်၊မန္တလေးစတဲ့ မြို့တွေကို တင်ပို့ကြတယ်... ရေပေါ်စိုက်ခင်းတွေနဲ့ သဘာဝ ငါးတွေနဲ့ ပြည့်စုံတဲ့ ဒီအင်းလေးအိုင်လဲ လွန်ခဲ့တဲ့ နှစ်အတွင်းမှာ ရေခမ်းခြောက်ခဲ့ရတယ်... အင်းလေးရဲ့ နာမည်ကြီး ထင်ရှားတဲ့ ဖော်တော်ဦးဘုရား ဆိုတာလဲ ရေမရှိလို့ ကုန်းသာသာ သာ ဖြစ်ခဲ့ရတယ်... ဒါဟာ ဘယ်သူ့အပြစ်လဲ ဘယ်သူတွေရဲ့ တာဝန်လဲ...

ဒီအိုင်မှာ မှီတင်းနေထိုင်ကြတဲ့ အင်းသူ/အင်းသားများရဲ့ အပြစ်လား... ကျနော့်အမြင်အရတော့ မှန်သင့်သလောက် မှန်သည်... ဒါပေမဲ့ အပြည့်အဝကျနော် မထောက်ခံနိုင်ပါ... ဒီလို သမိုင်းဝင် ဖောင်တော်ဦး ဘုရားတည်ရှိတဲ့နေရာ၊ နိုင်ငံခြားသား ခရီးသွားတွေကို အလွန်ကို ဆွဲဆောင်နိုင်စွမ်းရှိတဲ့ နေရာ၊ ဒီလိုနေရာမျိုးကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ရေရှည်အတွက် ဂရုပြုကြည့်ပြီး မထိန်းသိမ်းခဲ့တဲ့ အတွက်ဆိုတဲ့အချက်ကိုလည်း မေ့လို့ မရပါဘူး... ကိုယ့်အကျိုးစီးပွားကိုသာ ကိုယ်သိပြီး "ငါ" စွဲတွေ စွဲကိုင်နေခဲ့သည်... ငါ့အမျိုး၊ ငါ့သားသမီး၊ ငါ့အတွက် စသည်ဖြင့်... တကယ်တမ်း ရေရှည်မှာ ထိခိုက်လာတာကတော့ တိုင်းသူပြည်သားတွေသာ...

ခုလဲ လာပြန်ပြီ ဧရာဝတီကိစ္စ... ခုလက်ရှိ တာဝန်ရှိသူတွေ ပြောတဲ့ စကား... ဒီဆည်ကြီး ပြီးလာရင် ဘယ်လောက် အမြတ်ရမယ် ဘယ်လောက် မီးတွေ ထိန်လင်းလာမယ် စသည်ဖြင့်ပေါ့... ဒါပေမဲ့ သာမာန်လူတယောက် အနေနဲ့ပဲ စဉ်းစားကြည့်ပါဦး... ဒီဆည်ကြီးပြီးသွားရင် ရမယ့်အကျိုးအမြတ်ထက် ဆိုးကျိုးက ဘာတွေ ဖြစ်လာနိုင်မလဲ... ရေတိုကိုပဲ ကြည့်ပြီး လုပ်ရင်တော့ အရာရာဟာ မှားယွင်းပြီးရင်း မှားယွင်းနေတော့မှာပါပဲ...


ကိုယ့်တိုင်းပြည်ရဲ့ အဖိုးတန်တဲ့ သမိုင်းရာဇဝင်ကြီးတဲ့ ဒီလို မြစ်မျိုးကို မထိန်းသိမ်းပဲ ရေတို အကျိုး အမြတ်လေးကိုသာကြည့်ပြီး တိုင်းတပါးသားတွေ လက်ထဲဝကွက်အပ်လိုက်တော့မှာလား... အကယ်၍များ ပညာရှင်တွေ ထောက်ပြခဲ့သလို ဆည်ရေများလာလို့ ဖောက်ရတော့မယ်ဆိုရင်အနီးအနားက မြို့ရွာတွေ မြို့ရွာတွေမှာ နေထိုင်ကြတဲ့ ပြည်သူတွေအတွက် ဖြစ်ပေါ်လာမယ့်ဆုံးရှုံးမှုတွေ အကြောင်း သတိပြုမိခဲ့ပါသလား... ဖြေရှင်းဖို့ နည်းလမ်းများ ရှိပြီးပါပြီလား... ဖြစ်ပေါ်နိုင်တယ်လို့ရော စဉ်းစားထားပါသလား...


လက်ရှိအနေအထား တိုင်းပြည်ထိန်းသိမ်းပုံနဲ့တောင် အတော့်ကို ယိုယွင်းနေတာ ဒါကို ဘယ်လို တာဝန်ယူဖြေရှင်းမလဲ မစဉ်းစားပဲ နောက်ထက်ပြီး အမှောင်ထဲကို တိုးဝင်ဖို့ စဉ်းစားနေတာကတော့ အတော့်ကို အံ့သြ အော့နှလုံး နာမိတယ်... ခုဆို မြန်မာပြည်ရဲ့ ပင်မ သွေးကြောဖြစ်တဲ့ ဧရာဝတီလဲ မြစ်ကောမူကို ကြုံနေရပြီ... နှုန်းတွေတင်လို့ ရေမစီးနိုင်လို့ သောင်ထွန်းပြီးဒုက္ခရောက်တဲ့ နေရာရောက်နဲ့ ဖြစ်နေကြပြီ... မြစ်ကမ်းပါးတွေ ပြိုလို့ ကမ်းပါးဘေးမှာ နေထိုင်စားသောက်ကြတဲ့ အပြစ်မဲ့ ပြည်သူတွေ ဒုက္ခရောက်နေကြရပြီ... ဒါတွေဟာ ဘယ်သူ့တာဝန်လဲ... လူတိုင်းမှာ ကိုယ်စီတာဝန်ဆိုတာ ရှိကြပါတယ်... ပညာမတတ်တဲ့သူကို ပညာတတ်စေချင်ရင်တော့ ချော့မော့ပြောပြီး သင်ပေးရမှာပဲ... ဒီအတိုင်းပဲ မသိနားမလည်တဲ့ ပြည်သူတွေကို သိတတ်နားလည်အောင် လုပ်ပေးဖို့က ဘယ်သူ့တာဝန်လဲ... အမိလည်းဟုတ် အဖဆိုလဲ မမှားတဲ့ တိုင်းပြည်အုပ်ချုပ်သူတွေရဲ့ တာဝန်များ မဟုတ်ပေဘူးလား...


လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား

ချစ်သော တန်ဆောင်တိုင်

နိုဝင်ဘာ၊ ဒီဇင်ဘာဆို ကျနော်ရဲ့ မွေးရပ်မြေမှာ အတော့်ကို အေးနေလောက်ပြီ။ မနက်ခင်း နေရောင်ခြည် မရသေးခင် မြူတွေနဲ့ မှုန်ဝါးနေတဲ့ တောင်ပေါ်မြေရဲ့ အလှကို မမြင်ရတာလဲ နှစ်ပေါင်းမနည်းတော့...... မြူမှုန်တွေ ဝေနေတဲ့ တောင်ပေါ်က ထင်ရှူးပင်တွေရဲ့ အလှနဲ့ တောင်ကြီးမြို့လို့ ပြောလိုက်ရင် ခွဲခြားလို့ မရတဲ့ တောင်ချွန်းကြီးရဲ့ အလှ ဒါတွေ အားလုံးဟာ ကျနော်နဲ့ အနေဝေးလို့ တစိမ်းဆန်ခဲ့သည်မှာ နှစ်ပေါင်းအတော်ကို ကြာခဲ့ပြီ......

မနက်စောစော အိမ်ရှေ့က ပဲပြုတ်လာရောင်းတဲ့ အဒေါ်ကြီးကိုလဲ သတိရသလို အိမ်ဘေးက တို့ဟူးနွေးဆိုင်လေးကိုလဲ သတိတရ ရှိလှသည်။ တို့ဟူးနွေး ပူပူလေးနဲ့ အခါးရေ (ရေနွေးကြမ်း) ကိုသောက်ရသည်က အရသာတမျိုး.... တခါတရံ မနက်စောစော အမေကြော်ပေးသည့် ထမင်းကြမ်းကြော်နဲ့ တို့ဟူးနွေးလေး တပွဲကို စားရသည်ကိုလဲ မမေ့.... မနက်စော အိမ်ရှေ့အပြင်ထွက်ကြည့်လိုက်လျှင် တဂျုန်းဂျုန်းနဲ့ ထော်လာဂျီအသံကိုကြားရမည်။ ရိုးသားလှသော တောင်သူဦးကြီးတွေ မနက်ခင်းစောစောသွားပြီး ဈေးခင်းဖို့ နေရာသွားယူကြခြင်းဖြစ်သည်။

တခါတရံ အပျင်းပြေ သူငယ်ချင်းရဲ့ ထော်လာဂျီကားနဲ့ လိုက်၍ ကျောက်တွင်းတွေနား ရောက်ဖူးသည်။ တောင်ကြီးမြို့ရှိ တောင်များတွင် ကျောက်တောင်များလဲ ရှိသည်။ ကျောင်တောင်များပေါ်တွင် ပါးလွှာသော မြေဆီလွှာအထပ်တွင် အပင်ကြီးငယ်များ ပေါက်ရောက်တတ်ကြသည်။ ထိုကြောင့် ကျောက်တောင်များကို ခွဲပြီး လမ်းခင်းကျောက်များ၊ အိမ်ဆောက်လျှင် သုံးဖို့ အုတ်ဘလောက်များ လုပ်ကြသည်။ သူငယ်ချင်းနှင့် လိုက်သွားသော ကျောက်တွင်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများမှာ သာမာန်လူတွေထက် ပိုမို ပင်ပန်းကြသည်။ ဒါပေမဲ့ သူတို့တွေရဲ့မျက်နှာများပေါ်တွင်တော့ အပြုံးများဖြင့်သာ....

ရိုးသားသော တောင်ပေါ်သူ/သားတို့သည် တနှစ်ပတ်လုံး ကြိုးစားလုပ်ကိုင် ရှာဖွေထားသမျှကို သီတင်းကျွတ်၊တန်ဆောင်တိုင်ရောက်လျှင် မိသားစုတွေ ပျော်ရွှင်စွာဖြင့် နွှဲပျော်ကြသည်။ အလှူအတန်း ရက်ရောကြသည်။ ကျနော်တို့ ငယ်စဉ်က မြို့လုံးကျွတ် ဘုံကထိန်ပွဲရောက်လျှင် ကျောင်းအတန်း တတန်းချင်းစီ အလှူငွေများ ကောက်ခံပြီး မိမိတို့ နှစ်သက်ရာ အရုပ်များလုပ်ကြသည်။ အရုပ်များပေါ်တွင် ငွေကြေးများ ကပ်၍သော်လည်းကောင်း၊ သင်္ကန်းများ၊ ဆွမ်းအုပ်များ၊ ဆပ်ပြာ၊စာအုပ် စသည်ဖြင့် အသုံးအဆောင်များကို ကြိုးနှင့် သေချာချည်နှောင်၍သော် လည်းကောင်း ထမ်းစင်များ ပြုလုပ်၍ မြို့လုံးကျွတ် လည့်လည်ပြသကြသည်။ မြို့နယ်၊ ရပ်ကွက်အလိုက်၊ ကျောင်းအလိုက် အားလုံးကို စုပေါင်း၍ လည့်လည်ကြသဖြင့် မနက်စောပိုင်းက စပြီး လည့်လိုက်သည့် ကထိန်ပွဲမှာ နေ့လည် ၂ချက်ထိုးလောက်မှ ပြီးတတ်သည်။ လမ်းဘေးတွင်လဲ သောက်ရေချမ်းစင်များ၊ မုန့်များချပြီး အလှူလုပ်သည့် လူတွေကလဲ တပုံတပင်။

ကျနော်တို့ တောင်ပေါ်သားများသည် ပွဲလန်းသဘင်ကို အတော့်ကို ခုံမင် နှစ်သက်ကြသည်။ သင်္ကြန်ဆိုလဲ သင်္ကြန်ပွဲတော်အလျှောက် ကျင်းပ ပျော်ရွှင်ကြသည်။ ဒါပေမဲ့ ယခုလို တန်ဆောင်တိုင်ပွဲချိန်လောက် ကျနော်တို့ တောင်ပေါ်သူ/သားတွေ မြတ်နိုးသည့် ပွဲ မရှိပေ။ တန်ဆောင်တိုင်သည် အခြား ပြည်နယ်နဲ့ တိုင်းများနဲ့ မတူ ကျနော်တို့ တောင်ကြီးမြို့တွင် ရိုးရာအမွေဟု ခေါ်ဆိုထိုက်သည့် မီးပုံးပျံပွဲတော် ရှိသည်။ မီးပုံးပျံပွဲတော်တွင် မီးပုံးပျံများပြုလုပ်၍ ဘုရားရှင်ကို ပူဇော်ကြသည်။ ကြက်ပျံမကျ စည်ကားလှသော ကျနော်တို့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်သည် တောင်ကြီးသူ/သားတိုင်း၏ သွေးသားထဲ လှည့်ပတ်ဝင်နေသည်။ နှစ်စဉ် ရိုးရာမပျက် ဆင်နွှဲကြသည်။

မီးပုံးပျံဟု ခေါ်ဆိုရတွင်လဲ ရိုးရာထွက် ရှမ်းစက္ကူများကို တခုနဲ့ တခု ကော်ဖြင့် ကပ်ပြီး အပြင်ဖက်တွင် အလှအပ တန်ဆာဆင်ကြသည်။ မီးရှူး မီးပန်းများနှင့် လှပသည် မီးပုံးပျံများ ရှိသည်။ အပြင်တွင် မီးပုံးလေးများချိတ်ပြီး အလှလွှတ်ရသော စိန်နားပန်း ဟုခေါ်သော အလှပြမီးပုံးပျံများလဲ ရှိသည်။ နေလည်နေ့ခင်းတွင် ငှက်ရုပ်၊ ခိုရုပ်၊ ကြက်ရုပ် စသည်ဖြင့် တိရစ္ဆာန်ပုံစံလေးများ လုပ်ပြီး လွှတ်ကြသည့် နေ့ရုပ်အလှအပပွဲများလဲ ရှိသည်။ ယခုလို ခေတ်မီတိုးတက်သော ခေတ်တွင် နိုင်ငံတကာ အခန်းအနား ပွဲလမ်းသဘင်များ ဖွင့်ပွဲများတွင် လွှတ်တင်နေသော မီးရှူးမီးပန်များနှင့် မခြား လှပစွာ စီခြယ်ထားသည့် ရိုးရာလုပ် မီးရှူးမီးပန်းများကို မြင်ရသူတိုင်းက အံ့သြ ချီးကျူးကြရစမြဲ မင်သက်သွားရစမြဲ ဖြစ်သည်။

ကျနော်တို့ တန်ဆောင်တိုင်ကို အတုယူ၍ ကျင်းပကြသည့် မီးပုံးပျံပွဲတော်များ သတင်းများကိုလဲ ဖတ်မိသည်။ ကြားမိသည်။ ဒါပေမဲ့ ကျနော့် ရင်ထဲမှာ စိုးစေ့မျှ မနာလို ဝန်တိုစိတ် မရှိပေ။ ဘယ်သူတွေ ဘယ်လိုပဲ ပြောပြော ကျနော်တို့ တောင်ပေါ်သူ/သားတိုင်း ရင်ထဲမှာက တခုသာ ရှိသည်။ တန်ဆောင်တိုင် မီးပုံးပျံပွဲသည် ချစ်သော ရှမ်းမြေ (တောင်ကြီး)မှ အစပြုခြင်းသာ.... ဘယ်သူတွေ ဘယ်လောက် လိုက်တုတု ကျနော်တို့ အားပေးသည် မြတ်နိုးသည်က တောင်ပေါ်မြေမှ တန်ဆောင်တိုင်ပွဲသာ ဖြစ်သည်....

ယခုလို တန်ဆောင်တိုင်နား ရောက်ပြီဆို ကျနော်တို့ တောင်ပေါ်သူ/သားတွေ မနေနိုင် မထိုင်နိုင်ဖြစ်တတ်စမြဲ၊ ပြည်ပရောက် ညီအကိုမောင်နှမတွေလဲ တယောက်နဲ့ တယောက် ဆက်သွယ်ပြီး တန်ဆောင်တိုင် မီးပုံးပျံပွဲအကြောင်း မေးကြစမြဲ။ ကျနော်သည်လဲ အခုဆို မရောက်နိုင်သေးသော ပွဲကို အဝေးမှ မျှော်နေရစမြဲ ဖြစ်သည်။ ဘယ်တော့မှ ကိုယ့်မွေးရပ်မြေ၊ ရိုးရာဓလေ့ကို မမေ့တတ်သော တောင်ပေါ်သူ/သားတွေကို မြင်ရ ကြားရသာ ပီတိဖြစ်ရစမြဲ။ ရိုးသားလှသော ဂုဏ်ပကာသနကင်းသော တောင်ပေါ်သား တယောက် တောင်ကြီးသား တယောက် ဖြစ်ရသာ ကျနော် ဂုဏ်ယူစမြဲသာ.......


လူသားတိုင်း လွတ်လပ်စွာ ဝေဖန်နိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။


လေးစားလျက်
တောင်ပေါ်သား
Blogger Template by Clairvo